Feb
20

ဖေဖော်ဝါရီ

ဒီညနေလည်း

ဘယ်လိုအဆင်တန်ဆာမျိုးနဲ့မှ မတောက်ပနိုင်တော့ပဲကွယ်

မှုန်ရီပြာနှမ်း

နှင်းငွေ့ရိုက်တဲ့ လမ်းကလေးမှာ

စံပယ်တွေလည်း စိတ်လိုလက်ရ မပွင့်တော့

နံရိုးတစ်ချောင်းဖြစ်ချင်တဲ့ပုံပြင်လည်း

လျော့တိ လျော့ရဲ

ဟိုး… တောင်ကုန်းပေါ်က

လ၀န်းဖြူလေး အကြိမ်ကြိမ်ကွဲနေတာ

ဘယ်သူ့ရှိရာကို လွမ်းဆွတ်ရမလဲ

ဟိုး … တောင်စွယ်နောက်ဆီက

အခါခါ ရှိုက်နေတဲ့ပင်လယ်ပြာ

ဘယ်ဆီဘယ်ဝယ် ဆန့်တန်းရှာမလဲ

ကံ ကံ၏ အကျိုးပေးအတိုင်းဆိုတော့

ဒီအကွေ့အ၀ိုက်လေးမှာပဲ

ကျေနပ် နေလိုက်ကြစို့ကွယ်။

 

နှင်းနုလွင်

15.02.2012

10 views

Feb
10

မျဉ်း… ကွေး

ဖျတ်ခနဲ တွေ့လိုက်ရတာလေးကိုပဲ တသသ
ဆိုနင့်နေမှုက မေးဖျားဆီကို ရိုက်ခတ်လို့
ဒီက… စလို့
နှုတ်ဆက်စကားတို့ လမ်းမလွယ်
မျက်တောင်တခတ်စာနဲ့ပဲ
တစ်ယောက်စီကို ကွယ်ဝှက်ပစ်လိုက်ရ
ကားဘီးအောက်က ရေဘူးပြားလေးလို
မှုန်ရီခဲ့သော ကြေးမုံဖန်သားပြင်များ
အထူးတလှယ်မခေါ်ဆိုဖြစ်ခဲ့သော အကြောင်းအရာများ
တမြို့တည်းမှာရပ်ရင်း
တဘက်ကမ်းဆီကို ဝေးလွင့်
ရင်ဘက်ချင်းနီးခဲ့တဲ့သူတွေ
အေးခဲသွားပုံက ချွန်ချွန်မြမြ
နောက်ဆုံးဇာတ်ဝင်ခန်းလေး
သိပ်…လှ..
ပင်နယ်တီနဲ့ လက်စတုံးလိုက်ပုံကလေး
သိပ်ကို…လှ
သော့မခတ်ဘဲခြားတဲ့စည်းတွေ
တံတိုင်းကြီး အထပ်ထပ် ရံလေပြီ။

 

နှင်းနုလွင်

10.02.2012

17 views

Feb
06

ကျောင်းလွယ်အိတ်ထဲက .. ဆွေ

အိပ်ရာဝင်အိပ်ရာထ၊ နင်ချမ်းမြေ့ပါစေဆိုတဲ့ အတွေးနဲ့
တမေ့တမော မျက်နှာသစ်ဖူးသူတစ်ယောက်အကြောင်းက
ဒီလိုလေး….ဆွေ။

နင့်ကျောင်းစာအုပ်ထဲက လက်ရေးဝိုင်းဝိုင်းလေး
ငါ့ပါးထက်က သနပ်ခါးပါးကွက်လေးများဖြစ်လာလေမလားရယ်လို့
မျှော်လင့်ချက်ရေးရေးလေးနဲ့ သောင်ပြင်မှာ ဆေးခြယ်ခဲ့ဘူးတယ်။

 
ငါဟာလေ
နင့်ကောင်းကင်မှာ သက်တံလို ဝေလိုက်
ကြယ်စင်လိုကြွေလိုက်နဲ့
နင်ပေးတဲ့ မကြင်နာတရားတွေ
ငါ့အိမ်မက်ထဲကို တအိအိနဲ့ ပြိုကျနေတယ်။

နင့်အနာဂတ်ကို နေအကျ
ငါ့နက္ခတ်နဲ့ ခဏလေး ကာထားပေးပါရစေ။
ဂန္တဝင်မမြောက်လည်း ဘာအရေးလဲ
ဆန္ဒတစ်ခုရဲ့ အနာဂတ်ပဲလေ။
နင်ခူးခူး၊ မခူးခူး
ငါရူးဖူးတဲ့ စံပယ်တခင်းဟာ
နင်စွန့်ကြဲရာ အမှတ်တမဲ့တွေနဲ့ ရှင်သန်ဆဲပါလေ။

နင့်သံယောဇဉ်အထူအပါးမှာ
ငါ့ဟာ သစ်ရွက်ဖြစ်လိုက် ငှက်ဖြစ်လိုက်နဲ့
ကြိုးရှည်ရှည်နဲ့အလှန်ခံရတာခြင်းတူမှတော့
နင်လွှတ်တင်ထားတဲ့ စွန်တစ်ခုတော့ ဖြစ်ခွင့်ရချင်တယ်..ဆွေ။

နင့်မျက်ဝန်း အပင့်…..အတင်မှာ
ငါ့ဟာ ရုပ်ရှင်၊ ရုပ်သေ
နင်မစေခင်က ငါကဒူးထောက်ချင်သူမို့
နင့်နှုတ်ခမ်းရဲ့ အစွန့်အဖျားအမိန့်ကို
ပီပီသသ နာခံပါရစေ..ဆွေ။

ဆွေ…..
ဆွေရယ်…..

ဒီအပင်စိုက်လို့
ဒီအရိပ်လောက်ပဲနားခွင့်ရှိတော့လည်း
ဟိုသီချင်းထဲကလို
“အဖြူရောင်လေး” ပဲပေါ့….ဆွေ။

နင်ကြင်ကြင်နာနာကမ်းလာမယ့်
မိတ်ဆွေဖြစ်စာတမ်းဟာ
ရင်ခုန်သံအရိုင်းအစိုင်းလေးကို
ဆုံးတနေ့အထိ နွေးနွေးထွေးထွေးရှိနေနိုင်စေ။
အဲဒီလို အာမခံပေးနိုင်မလား ဆွေ။
ပိတောက်ကြွေတဲ့ရာသီ
ချယ်ရီဝေးတဲ့ဆောင်း
ငါ့နွေမှာတော့ နှင်းပျောက်ပြီ…….ဆွေ။
ဧရာဝတီရေကြီးသည်
ဆွေ့ကိုလွမ်းသည်။

ရန်ကုန်မိုးခေါင်သည်
ဆွေ…နေကောင်းပါစေ။

နင်တို့ခြံထောင့်က ဇွန်ပန်းရုံလေး
သည်းသည်းလှုပ်အောင်ဖွေးသလို
နင့်ကောင်းခြင်းတွေ အစဉ်သဖြင့်မွှေးပျံပါစေ။

ကမ္ဘာကြီး ပူနွေးလာပြီ
ဆွေတစ်ယောက် အေးချမ်းပါစေ။

ရေခဲမှတ်အောက် အနှုတ် ၂ဝ
အဝေးက ဆွေ ..နွေးနွေးထွေးထွေးရှိပါစေ။

ရာသီစာ ..တုတ်ကွေး
အနွေးထည်ဝတ်ဖို့ သတိရပါစေ။

ဆွေ…
ဆွေ…
ငါ့ဆွေ..

ဆွေရေ
အဖြူအစိမ်းရာသီတွေ လန်းလန်းဆန်းဆန်း
စိန်းပန်းနီနီတွေ တသုတ်ပြီးတသုတ်အကြွေ
မရွယ်ဘဲစုဖြစ်ခဲ့တဲ့ အပြုံးနုနုတွေ အကြောင်းကတော့
အစဉ်အမြဲသစ်လွင်ဆဲပဲ…ဆွေ။

နှင်းနုလွင်
(၃၁၊ ၁၀၊ ၂၀၁၀)

25 views

« 1 2 3 4 5 6 7 8 9 10 11 12 ... 69 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 3817 items have been purified.

Extension Factory Builder