နေရီရီ ကဗျာများ

ဒြပ်မဲ့ သက်ရှိ

 

Channel တွေကိုသာ တလိုင်းပြီး တလိုင်းပြောင်းကြည့်ပေမယ့်

ရုပ်နာမ်တွေက ပီပီပြင်ပြင်ဖြစ်မလာ.. သေချာတယ်

လူဆိုတာဟာ အရောင်ခွဲခြားရခက်တဲ့ ပင်လယ်ပဲ

ဒီလိုဆိုတော့ သတ်မှတ်ချက်တခု ဖွင့်ဖြစ်တယ်

တိုက်စားတတ်တဲ့ သဘောရယ်

နက်ရှိုင်းတတ်တဲ့ ၀ိသေသတွေနဲ့ပဲ

တယောက်ကျောကို တစ်ယောက်နင်းရဲတဲ့ ဂုဏ်လည်း ရှိတယ်။

သူတထူးရဲ့ အားနည်းခြင်းမှာလည်း ယစ်မူးတယ်။

လူလျှောက်တဲ့လမ်းမှာပဲ ပျော်စေ ပျက်စေနဲ့

ချော်ရည်တွေ အထပ်ထပ် လောင်းရဲတယ်။

သဘာဝတရားကို ငွေသားခပ်များများနဲ့ သွတ်သွင်းရဲတယ်။

I Love my Nation!

I Love my Culture!

I do love our Literature!

ခလုတ်တိုက်မတတ် လွယ်တဲ့စကားတွေနဲ့

အပူအအေးညှိရခက်တဲ့ ရေဒါနဲ့

လူဆိုတဲ့ အရုပ်ဟာ

ရုပ် မြင် သံ ကြား မှာ ဖမ်းယူရခက်နေတယ်။

 

နှင်းနုလွင်

18.10.2011

*************

အရိုးခံ ဆောင်း

 

ကြည့်တော့..

မိုးပေါက်တွေပေါ်

တလှမ်းချင်းစီနင်းရင်းနဲ့

ရင်ထဲကို ချဉ်းကပ်လာပုံက ကြွားကြွားဝင့်ဝင့်

တဆိတ်……..ရှိရင်းစွဲလမ်းအတိုင်း

အေးမြစေလိုက်ပါ….ကိုယ်ချစ်ရတဲ့ဆောင်း။

ကောက်ကရစကားများ တိတ်ဆိတ်ပေးပါ

အခမဲ့လစ်ဟာနေမှုတွေ ခြုံစောင်နွေးနွေးဝတ်ပါ

လောကထဲက ဖျားနာမှုများ နှင်းစက်ပါးပါးမှာ

ပိန်းကြာရွက်တွင် ရေမတင်သို့…။

ကျေးဇူးပြုပြီး

ပြတင်းတံခါးကိုလှစ်ဟထားပါ..

ငှက်ပျောအူကဲ့သို့ လူငယ်ဘ၀ အပျော်လွန်မှုများ

ကိုယ့်ဆောင်းလေးကို ခြောက်လှန်းခြင်းက ကင်းဝေးပေးပါ။

တိမ်လွှာတွေအောက် . အုန်းပင်ဖျားအထက်

လရောင်ဆွတ်နေတဲ့ ၀ရံတာ

ကစားကွင်းထဲက ကလေးတွေ ဖန်ခုန်ရာနေရာများ

ပြောခဲ့ပါရော

ကိုယ်တို့ဆောင်းဟာ နေရာမရွေး အေးအေးမြမြ

ဈေးတောင်း ပုခုံးထမ်း

ခေါင်းရွက်ဗြက်ထိုးသည်

မီးဖိုနားက ကောင်ကလေး

ဆောင်းကို မငြိုငြင်ပါနဲ့လား..။

ဘူတာရုံကြားက မိတ်ဆွေတွေရယ်

ခဏကလေး ခွင့်ပြုပေးပါ

ဆောင်းရဲ့ ရိုက်ခတ်မှုမှာ မေးဖျားတွေ ခိုက်တုန်ခဲ့ရတယ်ဆိုရင်

မြစ်ထဲက တံငါသည်တွေရယ်

ခဏတာလေး ခွင့်ပြုပေးပါ

ဆောင်းလေနဲ့ မိတ်ဆွေတို့လက်တွေ ပြာခဲ့ရတယ်ဆိုရင်။

ခမျာကိုယ်တိုင်လည်း

အနွေးထည်ထူထူဝတ် မထားရှာ

ကော်ဖီပူပူတစ်ခွက် မမော့နိုင်ရှာ

နေခြည်ထွေးထွေးကို ငတ်မွတ်ရှာ

တိမ်ပြာပြာကို ငတ်မွတ်ရှာ

နှင်းဆိုတာလည်း…

မျက်ရည်ခိုးရိုက်တဲ့ ဆောင်းဒါဏ်ရာ။

နှင်းနုလွင်

20.10.2011

***********

ဇရာထဲက လူ

 

 

ည ည ဆိုရင် အိပ်မပျော်ဘူး

သန်းခေါင် သန်းလွဲ ၀မ်းနည်း ပက်လက်

ကြက်အိပ် ကြက်နိုးနဲ့

အာဟာရ ပြည့်အောင် စားမ၀င်ခဲ့တာလည်း ကြာ

ဘယ်ဘက်ကို လှိမ့်လိုက် ညာကိုစောင်းလိုက်နဲ့

အရုဏ်တက်ဖို့ကြာလိုက်တာလို့တွေး။

ခဏနေတော့ အသက်က ၃၀ ဖြစ်

နုစဉ် ပျိုစဉ်ကတော့ သားရယ် သမီးရယ်

ဝမ်းမီးကောင်းကောင်းတောက်တဲ့ အရွယ်တွေ

ရှာလိုက်ကြ စားလိုက်ကြနဲ့

အလုပ် ပြန်လာရင် ခြေဆုပ် လက်နယ်ပြုတဲ့ မယား

ခုတော့… အမယ်အိုကြီးက အရင်သွားရှာ

နောက်ဘ၀အတွက် ဘယ်လမ်းမှာများ စောင့်နေမလဲ

ငိုက်စိုက်ကျလာတဲ့ မျက်ခွံထဲမှာ

မျက်ရည်တွေကခိုသီးလာ.. မရှိတော့တဲ့ အရာတွေကိုပဲ

ထပ် ထပ်ပြီးတော့ မြင်နေတယ်

အနီးနားမှာတော့ ဘာမှ မသဲကွဲဘူး။

ပျော့တွဲလာတဲ့ လက်မောင်းသားအိုကြီးတွေ

ကြွက်သားအိုကြီးတွေ

ဒီအရိုးစုလေးကို မထောက်ပင့် ထားနိုင်ရှာ

မကြာ မကြာ ရပ်မယ်လုပ်တိုင်း

စိတ်အရင် လူကသာ တဗိုင်းဗိုင်းလဲ

ဆီးမနိုင်

ဝမ်းမနိုင်

ပုဆိုး ပုဝါနိုင်ဖို့ကလည်း

အရင်လို သန်သန်စွမ်းစွမ်းမဟုတ်တော့ဘူး။

သေခြင်းတရားက လွဲရင်

ဘာကိုပဲ ကိုင်ကိုင် မြဲမြဲမြံမြံ မရှိလှဘူး

အထီးကျန်ကလွဲရင် ဘာနဲ့မှ ထိထိ မိမိမရှိဘူး။

သံဝေဂကလွဲရင် ဘာကိုမှ ပီပီပြင်ပြင်မကြားဘူး။

နေ့ခင်းကြောင်တောင်

မကုန်နိုင်သေးတဲ့ အချိန်တွေ ကြည့်ပြီး

ဒုက္ခတရားကို လှမ်းခေါ်ကြည့်တယ်။

နံရိုးအပြိုင်းပြိုင်း

ခြေထောက်လက်ထောက် အကြောပြိုင်းပြိုင်းနဲ့

သယ်ပိုးထားရတာ မီးကျွမ်းသစ်ငုတ်တို

မှီခိုခံ မရှိဘူး။

မှီခိုစရာမရှိဘူး။

မနက်ခင်းကိုမြင်မှ

ရုပ်နဲ့ နာမ်တွဲစပ်နေသေးပါလား သတိရ

အစိုးမရတဲ့ ခနာ

နွေရွက်ဝါလို တသောသော ကြွေပစ်ချင်ပြီ။

အထီးကျန်ခြင်းမှာ ဒီခရီးကို လတ်စသတ်ချင်ပြီ။

 

နှင်းနုလွင်

22.10.2011

0 views

2 comments

  1. khin thin pon says:

    ဆရာမ မြသွေးနီရဲ့ စာတွေဖတ်ရင်းနဲ့ နှင်းနုလွင်ဆိုတဲ့နာမည်တွေ့ လို
့ဝင်ကြည့်မိတာပါ။ စာတွေတ၀ကြီးဖတ်သွားပါတယ်။ Myanmarfrienddays
    ဆိုဒ်ပေါ်မှာနေရီရီရဲ့  ကဗျာတွေကိုအရမ်းကြိုက်ခဲ့ပါတယ်။
    သူမှန်းမသိခဲ့ပါဘူး။စာတွေဆက်လက်ရေးအားကောင်းပါစေ။ Greenery

  2. ကိုတိုးတိုး says:

    ကဗျာတွေဖတ်လို့ကောင်းလို့ ဇယာထဲကလူ ဆိုတာလေး copy လုပ်သွားတယ်နော်

Leave a Reply

Your email address will not be published.

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <p>

Spam protection by WP Captcha-Free

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder