«

»

Jan
24

နှမျောစာ

အတင့် ဒီတလော တော်တော် စိတ်ညစ်နေတယ်။ အတင့်တစ်ယောက် မနက်လင်းမှာ ကြောက်နေတယ်လို့ ပြောရင် လူတွေက သဘောပေါက်မှာ မဟုတ်ဘူး။ လိုတိုင်းတ ရနိုင်တဲ့ ပြည့်စုံနေတဲ့သူကများ အဲ့ဒီလို ပြောတယ်ရယ်ဆိုပြီး ကဲ့ရဲ့ကြမှာ။  အတင့်မှာသာ ကိုယ့်ဒုက္ခနဲ့ ကိုယ်။ မနက်မိုးလင်းရင် နဂိုနေ့တွေကလို လုပ်ငန်းခွင် ထဲကို တက်တက်ကြွကြွဝင်ဖို့ထက် ပြဿနာကို ရှင်းဖို့အကြောင်းတွေက ပိုများနေတယ်။ အထူးသဖြင့် ဧပြီလ မရောက်ခင် လုပ်ငန်း အရင်းအမြတ် ကို သေချာခွဲထုတ်ဖို့ ကိစ္စတွေကို အခုတည်းက ကြိုပြီး ဖြိုထားရတယ်။ မနေ့ညကဆိုရင် အလုပ်တွေက အိမ်အထိ ပါလာတယ်။ ဒါတွေကို လုပ်ပြီးတော့ မနက် ၃ နာရီ။ အိပ်လိုက်တဲ့ အချိန်မှာ ပြတင်းတံခါးကို ပိတ်ဖို့ မေ့သွားတယ်။ ခြုံစောင် ခြုံဖို့ မေ့သွားတယ်။ မနက်ကျတော့ ခေါင်းတွေအုံပြီး မထနိုင်တော့ ဘူး။ ဆေးတစ်လုံးသောက်ပြီး အတင့် အိမ်မှာပဲ နားလိုက်တယ်။

နေ့လယ် အတင့်အိပ်ရာက နိုးလာတော့ ခေါင်းက ကြည်နေပြီ။ ကိုယ်ပူလည်း ကျသွားပြီ။ နာရီကြည့်လိုက်တော့ အချိန်က လေယာဉ်ဆိုက်ရောက်ချိန်ကို ကျော်သွား ခဲ့ပြီ။ အတင့်သွားလို့ မမှီတော့။ အနားမှာရှိတဲ့ ကျန်းမာရေး စာအုပ်တစ်အုပ်ကို ကောက်ယူပြီး အပျင်းပြေ ဟိုလှန် ဒီလှန် လှန်လှောကြည့်လိုက်ရင်းနဲ့ အချိန်တွေကို ရွှေ့လိုက်မိတယ်။ ဒီမှာ အတင့်မျက်စိစေ့ကို ဆောင်းပါးတစ်ခုက ၀င်လာတယ်။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကဏ္ဍ .. ဖော်ပြထားတဲ့ အကြောင်းအရာက ထူးထူးဆန်းဆန်း။ အမျိုးသမီးတွေကို အဓိက အန္တရာယ်ပေးတာက နှမျောစာတဲ့။ ချက်ရင်း ပြုတ်ရင်းနဲ့ လက်ကျန်လေးတွေ ကို ဖြတ်ပစ် လိုက်တယ်။ စားသောက်ရင်းနဲ့ လက်ကျန် ကျန်ခဲ့မှာလေးကို နှမျောပြီးတော့ အကုန်စားပစ်လိုက်တယ်။ ကြာလာတော့ ခနာကိုယ်မှာ မလိုအပ်ဘဲ အဆီဓါတ်တွေ များလာတယ်။ နောက်တော့ သူနဲ့ ဆက်စပ်တဲ့ ရောဂါတွေ အကုန်ဖြစ်ကုန်တယ် ဆိုပဲ။ အ၀လွန်၊ သွေးကြောကျဉ်း၊ နှလုံးရောဂါ၊ အူကင်ဆာ .. နောက်ထပ် အတင့် မသိတဲ့ ရောဂါတွေတောင် ပါသေးတယ်။

အတင့်ရော နှမျောစာ စားမိသလားလို့. ဆက်ပြီး စဉ်းစားကြည့်မိတယ်။ အတင့်က စားတာသောက်တာတော့ စည်းကမ်းရှိတယ်။ ဆိုင်တွေမှာ စားရင်လည်း အတင့် ကုန်နိုင်သလောက်လေးပဲ ထည့်ခိုင်းတယ်။ အတင့် ပန်းကန်ထဲမှာ ပိုနေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး မဟုတ်လား။ တန်ရာ တန်ကြေးပေးစားတယ်ဆိုပေမယ့် အတင့်က အလဟဿ လေလွင့်သွားမှာကိုတော့ သဘောမကျဘူး။ နောက်ပြီး အိမ်မှာစားရင်လည်း အတင့်က သိပ်အများကြီး မထည့်ဘဲ တစ်ကိုယ်စာ စားသာတာလောက်ကိုပဲ ပန်းကန်ထဲမှာ ထားတာမျိုး။  ဒီတော့ အတင့်မှာ နှမျောစာဆိုတာ ဘယ်ရှိမလဲ။

ဒါပေမယ့် …။

 

*****************************************

အတင့်က မိန်းကလေးဆိုပေမယ့် ငယ်ငယ်တည်းက လက်တွေ့စမ်းသပ်ရတဲ့ပညာကို စိတ်ဝင်စားတယ်။ အတင့် စာကြည့်စားပွဲနားမှာ ဂွ၊ ပလာရာ၊ ဆောက်တူတို့လိုမျိုး ပစ္စည်းအစုံအလင် ရှိတယ်။ စာကြည့်နားတဲ့ အချိန်ဆိုရင် အတင့်က တခြားကလေးတွေလို မဆော့ဘဲနဲ့ အိမ်က ပစ္စည်းအဟောင်းတွေ ကို ဖြုတ်၊ ဖြတ်၊ ဆက်၊ တပ်နဲ့ အလုပ်ကို များနေရောပဲ။ ကိုးတန်း၊ ဆယ်တန်းမှာ သင်ရတဲ့ Physics, Chemistry တွေကို အတင့် သဘောကျမှ ကျပဲ။ ယောက်ျားလေးသူငယ်ချင်းတွေလိုမျိုး အတင့်က အင်ဂျင်နီယာလုပ်ချင်တယ်။ အတင့် ဆယ်တန်းအောင်တော့ ဂုဏ်ထူး ငါးဘာသာနဲ့ အောင်တယ်။ အတင့်က နည်းပညာကောလိပ်ကို သွားချင်တယ်။ ဒါပေမယ့် အတင့်အိမ်က သဘောမတူဘူး။

အတင့် ရထားတဲ့ အမှတ်တွေက အများကြီးတဲ့။ နောက် နည်းပညာကောလိပ်ကို သွားတက်ရင် B.E ဘွဲရဖို့က ကြားမှာ ခါးပြတ်ချင် ပြတ်ကျန်နိုင်ခဲ့တယ်။ ဒီတော့ အတင့်ရထားတဲ့ အမှတ်တွေက နှမျောစရာတဲ့။ အခုရတဲ့အမှတ်ကလည်း ဆေးတက္ကသိုလ်ကို လွယ်လင့်တကူ ၀င်လို့ရတယ်ဆိုတော့ ဆေးကျောင်းပဲတက်၊ ဆရာဝန်ပဲ လုပ်တော့တဲ့။ အိမ်ကို အတိုက်အခံ လုပ်ပေမယ့် အတင့်မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ဟိုလူ နားချ၊ ဒီလူနားချနဲ့ပဲ အတင့်လက်မြှောက် အရှုံးပေးခဲ့ရတယ်။ မတက်ချင် တက်ချင်နဲ့ ဆေးကျောင်းကိုပဲ သွားတက်ရတယ်။ အတင့်ရဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် ဆရာဝန်တောင် မဖြစ်လိုက်ဘူး။ ဒုတိယနှစ်ကျောင်းတစ်ဝက်နဲ့ စိတ်မပါတော့လို့ ကျောင်းထွက်သွားတယ်။  အတင့်ကတော့ ၀ါသနာပါတယ်၊ မပါဘူး မဟုတ်ပေမယ့် ဇွဲနပဲနဲ့ ဆက်ပြီး တက်ဖြစ်တယ်။

 

အဲ့ဒီလို တက္ကသိုလ်တက်နေစဉ် ကာလမှာ အတင့် ဆီကို လေပြေညှင်းတွေ အကြောင်းသင်ကြားပေးနိုင်တဲ့ သူတစ်ယောက် ရှိလာခဲ့တယ်။ နာမည်က ကိုမင်းသူတဲ့။ အတင့်တို့နဲ့ ရွယ်တူဆိုပေမယ့် သူ့ကို ကိုသူလို့ပဲ ခေါ်တယ်။ အတန်းတူချင်းဆိုပေမယ့် သူ့ကို နင်ရယ်၊ ငါရယ်ဆိုပြီး မပြောဖြစ်ဘူး။ အကြည့်ချင်းဆုံအောင် မကြည့်ရဲဘူး။ သူ အတင့်ကို ပြန်ပြုံးပြတတ်တဲ့အခါမျိုးမှာဆိုရင် အတင့်က ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်။ နောက်ပြီး ဘာတွေ ဘယ်လို ပြောမိမှန်းလဲ မသိဘူး။ လေတိုးလို့သစ်ရွက်လှုပ်ရင်တောင်မှ ရယ်တတ်တဲ့အရွယ်ဆိုတော့ ခင်ခင်တင့်ဆိုတဲ့ အတင့်ဟာ ကိုသူဆိုတဲ့လေပြေလေးနဲ့ ထိတွေ့ရမှာကို ပျော်ရွှင်လာ တယ်။

အတင့်တို့ ချစ်သူတွေဖြစ်ကြတော့ နောက်ဆုံးနှစ် အပိုင်း (က) ပဲ ရှိသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လိုက်ကြတာက မိုးမမြင် လေမမြင်။ တစ်ယောက်နဲ့တစ်ယောက် ၀မ်းချင်းဆက်နေတဲ့အလား ထမင်းစားချိန်ဆိုလည်း မခွဲမခွာ။ မောင့်အချစ်ထက် မေ့အချစ်က ပိုပါတယ်လို့ အတင့်ကပဲ အမြဲတမ်း အနိုင်ယူခဲ့ဖူးတာ။ တကယ်လို့များ တနေ့နေ့မှာ နဖူးစာ မှင်ရည်ကြဲလို့ ဝေးခဲ့ကြရင်တောင်မှ တစ်ယောက်ကို တစ်ယောက် မမုန်းကြေး၊ မမေ့ကြေး။ ဒီလို ကတိတွေ အထပ်ထပ်ပေးခဲ့ကြပေမယ့် တကယ်တမ်း ဝေးကြတော့မျက်ရည်နဲ့ ကျန်ခဲ့ရသူက အတင့်။ ဘယ်လို ဘယ်အကြောင်းရယ်လို့ အတင့်ကို အသိမပေးဘဲနဲ့ အိမ်က သဘောတူလို့ပါဆိုတဲ့ အကြောင်းပြချက်ကလေးနဲ့ တခြားသူနဲ့လက်ထပ်သွားတဲ့သူကို အတင့်က အပြစ်မမြင်။ ခမျာလည်း ငါ့ကို ချစ်ခဲ့တာတော့ အမှန်ပါဆိုတဲ့ စိတ်ကလေးနဲ့ သံယောဇဉ်လက်ကျန်လေးကို တသသ။

ဒါနဲ့ပဲ ဟောက်ဆင်းပြီးလို့ ကျောင်းပြီးသွားတဲ့အချိန်အထိ အတင့်က တစ်ယောက်တည်း။ ဆရာဝန်လက်မှတ်ရခဲ့ပေမယ့် ဒီပညာရပ်မှာ မရဲတော့ ဆေးကုစားတဲ့ ဆရာဝန် ဖြစ်မလာဘဲ သူငယ်ချင်း တစ်ယောက်နဲ့စပ်တူ လုပ်ငန်းတစ်ခု ထူထောင်ခဲ့တယ်။ အခြေခံ စားသောက်ကုန်လုပ်ငန်းဆိုတော့လည်း လုပ်ငန်းက အချိန်တိုအတွင်းမှာပဲ အောင်မြင်သင့်သလောက် အောင်မြင်လာတယ်။ လုပ်ငန်းလည်ပတ်လို့  ၂ နှစ်အတွင်းမှာ အကျိုးအမြတ်က သိသိသာသာကို ခွဲထုတ်နိုင်ခဲ့တယ်။ တခုရှိတာက ကိုယ်တိုင်ထုတ်လုပ်သူတွေရှိတဲ့ဒေသကို ကိုယ်တိုင် ဆင်းရတဲ့ကိစ္စ။ ကြားခံတဆင့်ကနေ မသွင်းတော့ ကုန်ကျစရိတ်သက်သာတာ၊ ပစ္စည်းအသန့်ရတာတွေရှိပေမယ့် ပိုပြီး ပင်ပန်းရတယ်။ အဲဒီကိစ္စတွေကို လိုက်လုပ်နေရတော့ တစ်ဘက်က ဖြန့်ချိရေးမှာ နှောင့်နှေးမှုတွေ ရှိလာတယ်။ ဒီတော့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေထဲက ကျင်မောင်ကို အတင့်တို့နဲ့ လာရောက်လက်တွဲလုပ်ကိုင်ဖို့ကို ထပ်ပြီး အကူအညီတောင်းရတယ်။

အဲဒီသူငယ်ချင်းဟာ လုပ်ငန်းအပေါ်မှာ အတော့ကို အာရုံစူးစိုက်မှုရှိတယ်။ ပိုင်ရှင်တွေဖြစ်တဲ့ အတင့်ထက် သူက ပိုပြီး အချိန်ပေးနိုင်တယ်။ စနစ်ကျ သေသပ်မှု ရှိတယ်ဆိုတော့ အတင့်လည်း သူငယ်ချင်းရှေ့မှာ စိတ်ချလက်ချ လွှဲထားလို့ရတယ်ပေါ့။ ဒီလိုအချိန်မှာ အတင့်တို့ အလုပ်အတွက် အရည် အချင်း ပြည့်ဝတဲ့ ၀န်ထမ်းတွေ အများကြီး လိုအပ်နေတယ်။ အတင့်တို့ဆီမှာရှိနေတဲ့ စွမ်းဆောင်ရည်တွေကို ဒီထက်မက ထပ် ပြနိုင်သေးတယ်။ အတင့်တို့ ရှာဖွေနေတဲ့ ရလဒ်ကောင်းတွေ ထွက်လာနိုင်သေးတယ် ဆိုတာကို အတင့်တို့ သူငယ်ချင်း ၂ ယောက်စလုံးက လက်ခံထားပြီးသား။ ဒီလိုအခြေအနေမျိုးမှာ ကျင်မောင်လို သူငယ်ချင်းတစ်ယောက်ရလာတာ အတင့်တို့အတွက် ၀မ်းသာလို့မဆုံး၊ ချီးမွှမ်းလို့မဆုံး။

ဒါပေမယ့် အဲ့ဒီလို ဂုဏ်ထူးဆောင်မှုဟာ  သိပ်ပြီးတော့ ကြာကြာမခံလိုက်။ သူ့ကို ဈေးကွက်မန်နေဂျာ ရာထူးကို ပေးလိုက်ချိန်မှာ အတင့်တို့အတွက် မမျှော်လင့်တဲ့ ပြဿနာတွေ အများကြီးကို သယ်လာပေးခဲ့တယ်။ နယ်မှာသွားရောက်ဝယ်ယူတဲ့ ထုတ်လုပ်သူတွေဆီကနေ ၀ယ်ယူမှုပမာဏ အနည်းအများ အလိုက် ငွေပေးချေမှုကို ရာခိုင်းနှုန်းအတိုင်းအတာတစ်ခုအထိ ထားပြီး ဈေးလျော့ခိုင်းတာ၊ အတင့်တို့လက်ထဲက ထွက်သွားတဲ့ ပစ္စည်းတွေကို ၀ယ်ယူလှောင်ထားပြီး ကြားခံအနေနဲ့ ပြန်ဖြန့်တာကို သိလိုက်ရတဲ့ အချိန်မှာ အတင့်တို့ အကျိုးအမြတ်တွေထဲက အချို့ကို ကျင်မောင်က စုပ်ယူပြီးနေပြီ။ ကျင်မောင် မိန်းမ ရွှေတွဲလွှဲ၊ ငွေတွဲလွှဲဖြစ်သွားတယ်။ သူ့အမေတို့ အိမ်ကလေး တိုက်အိမ်ဖြစ်သွားတယ်။ ဒီအချိန်ရောက်တော့မှ သတင်းတွေက ဟိုဟိုဒီဒီကနေ ပြန် ပျံ့လာတယ်။

ဒါပေမယ့် အတင့်တို့ သူ့အကြောင်းကို ရိပ်မိနေတယ်ဆိုတဲ့အကြောင်းကို သိတဲ့အချိန်တိုင်အောင် ကျင်မောင်ဘက်က နောက်မဆုတ်ခဲ့။ မတုန်လှုပ်ခဲ့။ သူပြင်မလားလေလို့ စောင့်ကြည့်နေမိတဲ့  အတင့်တို့မှာသာ ရင်တထိတ်ထိတ်နဲ့ သွေးတက်နေခဲ့ရတယ်။ ဒင်းကတော့ ဖြုံတောင် မဖြုံခဲ့။ အဲဒီလို ကျင်မောင်လုပ်နေပုံမျိုးက အတင့်တို့ကို ဂရုမစိုက်လေဟန်။ အတင့်က သူ့မိသားစုကို ငဲ့ညှာပြီး ပြတ်ပြတ်သားသား မလုပ်သေးသမျှ သူ့ဘက်ကလည်း ရှေ့ဆက်တိုးနေဦးမယ့် သဘောဆောင်နေတယ်။ သူပေးတဲ့အပူကြောင့် အတင့်တို့မှာ အထက်မီး အောက်မီး မုန့်ဆိုတာများလိုဖြစ်လာပြီ။ လုပ်ငန်းလည်ပတ်မှုအတွက် ရှေ့လမ်းစဉ်တွေကို ကြိုကြည့်ရတာ၊ လက်အောက်က ကျင်မောင်ကို ပြန်ထိန်းနေရတာနဲ့တင် အတင့်တို့လည်း မီးသင့်နေတဲ့ မုန့်တွေဖြစ်လာခဲ့ပြီ။

ဒီအတွက်နဲ့ ခေါင်းရှုပ်နေတဲ့အချိန်မှာ တနေ့တုန်းက အတင့်ဆီကို Oversea Call ၀င်လာတယ်။ ဖုန်းရဲ့ Display Screen ကိုကြည့်ပြီး ဘယ်သူများပါလိမ့်ဆိုတဲ့ ဇဝေဇ၀ါစိတ်နဲ့ အတင့် ကြောင်သွားမိတယ်။ အတင့်ရဲ့ ဟယ်လိုဆိုတဲ့ တုံ့ပြန်သံနောက်မှာ ပြန်ကြားရတဲ့ အသံက အတင့်ကို တုန့်လှုပ်သွားစေသေးတယ်။ သူ …. ကိုသူ။ အိမ်ထောင်ပျက်ပြီးလို့ နိုင်ငံခြားထွက်သွားရာကနေ အခုတော့ အမိမြေနှင့်တကွ တစ်စုံတစ်ယောက်ကို သတိရလို့ ပြန်လာတော့မယ်တဲ့။ အတင့်ကို ပထမဆုံး မြင်ချင်ပါတယ်တဲ့။ သူ ဒီကို ရောက်တော့မှ အတင့်ကို ထပ်ပြီးတော့ ဖုန်းခေါ်လိုက်ပါ့မယ်၊ သူ့ကို အတင့်က ဖုန်းခေါ်ချင်တယ်ဆိုရင်တော့ အရင်နံပတ်အတိုင်းပါပဲတဲ့။ အတင့် တစ်စုံတစ်ရာ ပြန်မပြောမိလောက်အောင် ဆွံအ နေခဲ့တယ်။ အခုလောက်ဆို၇င် သူ ပြန်ရောက်နေပြီပေါ့။ တချိန်က အတင့်ကို ဟင်းရွက်ကန်စွန်းကို ပစ်သလိုစွန့်ပစ်ထားခဲ့ရက်သူက အခုကျတော့မှ အတင့်ရဲ့ စိတ်ကို ပြန်လည် လှုပ်ခတ်နှိုးလို့။ အတင့်သူ့ကို ပြန်လက်ခံသင့်သလား…..။

*******************************************

အတင့် ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ကြည့်မိတော့ အတင့် ဘ၀တစ်လျှောက်လုံးမှာ နှမျောစိတ်နဲ့ စားခဲ့မိတဲ့အစာတွေက အများသား ဆိုတာကို သိလာတယ်။  တက္ကသိုလ် ရွေးချယ်စဉ်ကနေ အခုလို လုပ်ငန်းခွင်ထဲအထိ အားနာပါနာစိတ်၊ တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှု တွေနဲ့ အတင့်ခေါင်းထဲကို ထည့်ထားမိတဲ့အမှိုက်တွေက မနည်းတော့။ မလိုအပ်ဘဲ အတင့် စုဆောင်းမိတဲ့ ဝေဒနာတွေဟာ အတင့်ကို နှလုံးရောဂါတွေ ဖြစ်စေပါလား။ အဲ့ဒါတွေအတွက် အတင့်ရဲ့ ပေးဆပ်လိုက်ရမှုတွေနဲ့ လက်ရှိအကျိုးအမြတ်က ဘယ်လိုမှ မအပ်စပ်။ အတင့်သဘောပေါက်လာတယ်။ ကျန်းမာရေး မဂ္ဂဇင်းစာအုပ်မှာ ဖော်ပြထားတဲ့ အဆီတွေ စုအစ်ကားနေတဲ့ အမျိုးသမီးတစ်ယောက်ပုံနဲ့ ဆုံးဖြတ်ချက် မပြတ်သားနိုင်တဲ့ တုံးတိဘာဝေ အမျိုးသမီးတစ်ယောက်ကို နှိုင်းယှဉ်ကြည့်လိုက်မိတယ်။ အတင့် သက်ပြင်းချလိုက်တယ်။ နောက်တော့ အတင့်ရဲ့ လက်ချောင်းတွေဟာ တယ်လီဖုန်းနံပတ်ကလေးတွေ အပေါ်မှာ သွက်သွက်လတ်လတ်ကို လှုပ်ရှားပြေးလွှားသွားတယ်။

ပထမဖုန်းက ………… စက်ရုံက ကျင်မောင်ဆီ ………… လကုန်အမှီ ငွေစာရင်း အမြန်ရှင်းရန်နဲ့ လုပ်ငန်းတွင်းအခြေအနေများအကြောင်း ထုချေလွှာအမြန်တင်ရန်။

ကျင်မောင်လုပ်ပေးလို့ရလာမယ့် အလုပ်က မဖြစ်စလောက် အကျိုးထူးကိုလည်း မျှော်လင့်မနေတော့ဘူး။ အတင့် ဆက်ပြီး တွယ်ဖက်နေသမျှ အတင့်တို့အတွက် အကျိုးယုတ်လျော့လာဖို့ချည်း ဖြစ်နေသလို ကျင်မောင်အတွက်လည်း ဆက်လက် မိုက်ခဲနေခွင့် ရနေလိမ့်မယ်၊ အဆိပ်ပင်ကို ရေလောင်းပေါင်း သင်သလို ဖြစ်နေ လိမ့်မယ်။ သူ့ကို ဆက်ပြီးလုပ်ကိုင်ခွင့်ပေးနေသမျှ နောက်လူများပါ ရေလိုက်မှားနိုင်တယ်။ ဒီလို အကုန်လုံး အကျိုးယုတ်လျော့ရမှာထက် အတင့်ဘက် က ပြတ်သားပေးရလိမ့်မယ်။ ဒီအတွက် တိကျတဲ့ ဖုန်းကို အတင့် ခေါ်ဆိုလိုက်တယ်။

ဒုတိယဖုန်းက …………….. ကိုမင်းသူဆီ …………………. အတင့်ဘယ်တော့မှ မလာတော့မယ့် အကြောင်း ပြောရန်။

နောက်တစ်ကြိမ် အတင့်ကို သူထားမသွားဘူးလို့ အတင့်ကိုယ်အတင့် မျက်စိမှိတ်မလိမ်ချင်တော့ဘူး။ နောက်တစ်ချိန်ခံစားရတဲ့ အချိန်ကျရင်ရော အတင့်က မတုန်မလှုပ်ခံနိုင်ရည် ရှိနေပါ့မလား။ မသေချာတော့။ သူ့အပေါ်မှာထားရှိတဲ့ ရှိရင်းစွဲ မေတ္တာစိတ်တွေဟာ ခမ်းခြောက်သွားတာမဟုတ်ပေမယ့် ငယ်ငယ်ကလိုတော့ အတင့် မရဲဝံ့နိုင်တော့။ ဒါဟာ သူ အတင့်အပေါ်မှာထားတဲ့ လက်ကျန်သံယောဇဉ်ကို ဆက်ပြီး မမက်မောနေမိဖို့ အတင့်ကိုယ် အတင့် သတိပေးပြီးသား ဖြစ်သွားတယ်။

ဖုန်းကို ချလိုက်ပြီးတဲ့နောက်မှာ အတင့်စိတ်တွေ ရှင်းလင်းသွားတယ်။ နောက်ထပ်လည်း ကိုယ့်ကိုယ်ကို သတိပေးသလို ပြောလိုက်မိတယ်။

“…………. ခင်ခင်တင့်တစ်ယောက် …….. နှမျောစာ မနှစ်သက်တော့တဲ့အကြောင်း…”


နှင်းနုလွင်

၂၄၊ ၀၁၊ ၂၀၁၂

85 views

5 comments

  1. မနှင်းသက် says:

    အရမ်းကောင်းပါတယ်၊အမလဲ နောက် ဘယ်လိုနှမျောစာမှ
    မစားဖြစ်အောင်ကြိုးစားတော့မယ်။

  2. မြစ်ကျိုးအင်း says:

    သံယောဇဉ်များရင် အမှိုက်ရှုပ်တယ်လေ။ တချို့သံယောဇဉ်တွေက တကယ့်ကို
    နှမျောစာပါပဲ။ စိတ်ပိုင်းဖြတ်ဖို့တောင် ခက်ခက်ခဲခဲ။

  3. angelhlaing says:

    အင်း ဟုတ်တယ်နော် တစ်ချို့ သံယောဇဉ်ဆိုတာ နှမျောစာ လိုပဲ စားလို့
    မသင့်တော်ဘူး.. ဖတ်ခွင့်ရလို့..ကျေးဇူးပါ… အတွေးလေးလည်းကောင်းတယ်…

  4. ဗညားရှိန်ု says:

    ကျနော် ဒီပို့စ်လေးကို ဆောင်းပါးတစ်ပုဒ်လို့ပဲ မြင်မိလိုက်တယ် . .
    ဟုတ်တယ် လူတစ်ယောက်မှာ ပြတ်သားမှုဆိုတာ အရမ်းလိုအပ်တယ် . . အားနာမှု
    တွေဝေမှု တုံ့ဆိုင်းမှု ဆိုတာတွေက လူတစ်ယောက်ကို မတိုးတက်စေနိုင်တဲ့
    အချက်တွေ ဖြစ်သလို မအောင်မြင်စေနိုင်တဲ့ အချက်တွေလည်း ဖြစ်တယ် ။
    ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ လူသားများဟာ အဲဒီအချက်တွေကို ကိုယ့်ဆီမှာ
    အနည်းဆုံး အနည်းဆုံး ဖြစ်အောင် လုပ်နိုင်ကြသူတွေပဲ ။ လူတိုင်းမှာတော့
    ဒီအချက်တွေ အနည်းနဲ့ အများရှိနေကြတယ် ။ ကျနော်လည်း အပါအ၀င်ပေါ့ . . .
    ။ ပို့စ်ကောင်းလေး တစ်ပုဒ်ဖတ်လိုက်ရတဲ့ အတွက် ကျေးဇူးပါ မနှင်းနုလွင်
    ခင်မင်တဲ့ ဗညားရှိန်

  5. ထော်ဦး says:

    ကိုယ်တိုင်က နှမြောတတ်တယ် နှမြောစာကို စားရင်းစားရင်းနဲ့  ၀မှာတော့
    တော်တော်ကြောက်သား ဒါပေမဲ့ နည်းနည်းတော့ ချင့်ချိန်ရမှာပဲပေါ့
    မမနှင်းရေ…

Leave a Reply

Your email address will not be published.

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <p>

Spam protection by WP Captcha-Free

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder