ကိုယ်ရယ်… တစ်ယောက်တည်း
နေလို့သာ နေနေရတယ်

ကိုယ့်မှာလေ စိတ်နဲ့ ကိုယ်နဲ့ရယ်က အဆင်မပြေ

ခုနေခါရောက်တော့

ရက်ရာဇာဆိုတာကို သတိရ

ကြာလာရင် အဆင်ပြေလို့ ပြေလာငြား

မျှော်လင့်ထားချက်က ငတ်မပြေတဲ့ပင်လယ်

တွဲဖူးသော လက်တွေ

ညီမြဲ စူးနစ် ခိုင်မာ

မျှော်လို့သာ မျှော်နေရတယ်

အချစ်က

တဖျစ်ဖျစ်နဲ့ တောက်လောင်နေတဲ့ တောမီး

ကိုယ်တိုင်ကိုယ်ကျ စီရင်ချက်ချတဲ့ သားကောင်

ညမှောင်မှောင်မှာ အလွမ်းကအရောင်ရင့်ရင့််

ပျက်ပြယ်လွင့်စ ပန်းဆီရောင်အလင်းတန်းလေး

ဝေးကွာ တမ်းတ ငေးမော

အတွေးထဲမှာ သတိတရတွေ ပတ်ပတ်လည်

ရုန်းလေလေ မြှုပ်လေလေနဲ့

နှစ်ကိုယ် တစ်သက်

မိုးညိုရုံလောက်နဲ့ မကြွေတတ်ပါဘူးဆိုတဲ့ စွယ်တော်လေး

ညှာတံအသွေးကြောင့် စိမ်းလေသလား

လေပြည်သယ်ရာ တိမ်းလေသလား

အတွေးအိမ်ထဲမှာတော့ နှစ်ရှည်လများဝေဒနာ

ဆတ်ခနဲလန့်နိုးတိုင်း

အစိုးမရတဲ့စိတ်က မျက်ရည် လည်ရွှဲ…

ဆိုင်သူဝေးမှာ တွေတွေလေးငေးရင်း ရပ်ရင်း

ကိုယ်လေ မချိလောက်အောင်ကို အားငယ်မိ….။

နှင်းနုလွင်

၀၄၊ ၀၅၊ ၂၀၁၂

43 views

“သတိ…..အရှေ့နားတွင် မြို့တစ်မြို့ ရှိလေသည်”
“သတိ…..အရှေ့နားတွင် မြို့တစ်မြို့ ရှိလေသည်”

အရင်တုန်းကတော့ လူကို ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါဟု သတ်မှတ်ကြသည်။ ထပ်ပြီး ဖြည့်စွက်ရတော့မည်။ လူသည် ပေါင်းကူးသွားလာရေး သတ္တ၀ါ လည်း ဖြစ်သည်။ ကုန်သွယ် ရောင်းဝယ်ရေး၊ ဗဟုသုတရှာဖွေရေး၊ ပညာ ဆည်းပူးလေ့လာရေး၊ ငြိမ်းအေးချမ်းသာရေး အကျိုးတို့ကိုမျှော်ကိုးသည့် အလို့ငှာ လူတို့သည် တနေရာမှ တနေရာ ကူးလူးသွားလာကြသည်။ ရင့်ကျက်ပြီးသူတို့ဆီမှ ပြန်လည် ဝေမျှယူကြသည်။ မပြည့်သေးသော အိုးတို့က ထပ်မံဖြည့်စွက် ကြသည်။ မိမိတို့ ကျွမ်းဝင်ပြီးသော နေရာဒေသတစ်ခုမှသည် နောက်တခုဆီသို့ ဦးတည် ပျံသန်းကြသည်။ ပထမဆုံး ခြေလှမ်းကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် အောင်မြင်သော ခရီးဆုံးကို ရောက်ရှိနိုင်ရန် ထိုသူတို့အားလုံးသည် မြို့တစ်မြို့ကို မလွဲမသွေ ဖြတ်သန်းရတော့သည်။ ထို့မြို့တော်သည် အောက်ပါ အင်္ဂါရပ်တို့ဖြင့် မွမ်းထုံလျက်ရှိနေသည်။

ထိုမြို့သည် သွားရေး လာရေး လွယ်ကူ အဆင်ပြေသည့် နေရာတွင် ရှိသည်။ ရောက်ဖူးလိုသော ဆန္ဒရှိသည့် လူတိုင်းလိုလို အဆင်ပြေ ချောမွေ့ စွာ ရောက်ရှိနိုင် သည်။ ထို့အတွက်ကြောင့်ပင် ထိုမြို့တော်၏ တည်နေရာကို တိတိကျကျ ပြောဖို့ ခက်နေတတ်ပြန်သည်။ ကျေးလက်ဒေသနှင့်လည်း နီးသည်။ ခေတ်မှီ ဆန်းပြားသော တခြား မြို့ကြီးများနှင့်လည်း များစွာ အလှမ်းမဝေး။ မလှမ်းမကမ်းမှ ငေးကြည့်လိုက်လျှင်တော့ ထိုမြို့သည် တော်ဝင်မင်းသမီး တပါးနှယ် ရင်သပ်ရှု့မောမဆုံးဖွယ်ဖြစ်ပြီး အနီးကပ် သွားရောက်သည့်အခါတွင်တော့ မှော်သေတ္တာတစ်ခုသဖွယ် အံ့သြဖွယ်ရာ အဖြာဖြာကို လှစ်ဟပြနေပါသည်။ စင်စစ်တော့ ထိုမြို့တော်ကို အလွှာ ၂ မျိုး ၂ စားဖြင့်သာ တည်ဆောက်ထားလေသည်။

မြိ့တစ်မြို့၏ ကြွယ်ဝမှုကို ပြသနိုင်သည့် ပြယုဂ်တချို့ကို ကြည့်ကြပါစို့။ မြို့တွင်းရှိ လမ်းဘေး ၀ဲယာ တစ်ဘက် တစ်ချက်စီတွင် ကောင်းကင်သို့ ပျံတက် လုနီးပါး ကော့ညွှတ်နေသော အဆောက်အဦးတို့ များစွာ ရှိလေသည်။ ပညာရည်ပြည့်ဝနေသော ဗိသုကာ အကျော်အမော်တစ်ယောက်၏ လက်ကြားမှ ယိုစိမ့်ထွက် လာသော အံ့ချီးဖွယ် လက်ရာတို့သည် ဤအရာတို့ကို ဖန်တီးပေးခဲ့သည်။ မြေပြင်သို့ ခြေကုပ်ယူဟန်၊ ကောင်းကင်သို့ ပျံတက်တော့မည်ဟန် ပြုနေသော ဤအဆောင်တို့သည် မိုးသို့ ရုတ်ချည်းရုန်းထွက်တော့မည့် စွန်ရဲတစ်ကောင်၏ အားမာန်ကဲ့သို့ တက်ကြွ လန်းဆန်းနေသည်။

အဆောက်အအုံများ အတွင်းရှိ အဆောင်အယောင်အသီးသီးတို့သည် ရာစုနှစ်၏ ပုံမှန် ၀င်သက် ထွက်သက်များအတိုင်း သစ်လွင်လျက်ရှိသည်။ ဧည့်ခန်းတွင် အခန့်သား တည်ရှိနေသော ဆိုဖာခုံတို့သည် လင်းသော အရောင်တမျိုးကို ဆောင်လျက် ပြောင်လျက် ၀င်းလျက် တည်ရှိနေသည်။ လူတကိုယ်လုံးကို နစ်မြှုပ် သွားအောင် နူးညံ့အိစက်သော ဆိုဖာခုံတို့၏ အောက်ခြေသည် တစ်ထွာခန့် အထုရှိသော အခင်းကဗ္ဗလာတွင် အိလျက် ပုံလျက်ကျနေသည်။ ထိုဧည့်ခန်းနေရာ တို့ကို လေ၀င်လေထွက် ကောင်းစေရန်အလို့ငှာ ဖွင့်ဟထားသော ပြတင်းတံခါးတွင် အနုပညာသက်တမ်းကို ခန့်မှန်းရ ခက်သည့် ကနုတ်ပန်း လက်ရာတို့သည် ခန့်ငြားစွာပင် တည်ရှိနေသည်။ မွှေးထုံသော ရနံ့၊ လတ်ဆက်နေသော သင်္ခါရတို့သည် ထိုပြတင်းတံခါးမှသည် ဥဒဟို ဖြတ်သန်းသွားလာနေသည်။ သို့သော် ထိုင်ရာမှထပြီး ထိုပြတင်းတံခါးတို့ကို ကျော်လွန် ကြည့်လိုက်သည် ရှိသော်..။

မည်ကာမတ္တ အိမ်ဟုသာ ဆိုကြပါစို့။ မြေစိုက်တဲဟု ဆိုလျှင်လည်း ပိုပြီး လိုက်ဖက်ညီပါလိမ့်မည်။ ပြားဝပ်နေသော အိမ်အမိုးထက်တွင် အုပ်လျက် ကာလျက်ရှိသော သက်ကယ် သို့မဟုတ် ဓနိပျစ်တို့သည် ကြက်ခြံတွင် ကာသည့် ၀ါးခြမ်းပြားတို့သဖွယ် ကြဲလျက် ရှိသည်။ ဇရာ၏ ထုထောင်း မောင်းနှင်ခြင်းမှာ သက်တမ်းရင့်ခဲ့ရသော ကျူထရံအကာတို့သည် တပေါင်းနွေအောက်က သစ်ခြောက်ပင်တို့သဖွယ် အပူဒဏ်ကို တွန်းလှန်နိုင်စွမ်း ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ သက်ကြားအို တစ်ယောက်၏ အရိုးအဆစ်များကဲ့သို့ အရောင်ခြောက်ကာ အရိုးငေါထွက်နေသည့် အိမ်ရှိအချင်တန်းများသည် အိုမင်းညစ်ထပ်မှုကို လှစ်ဟာ ပြနေသည်။

ထိုသို့ ကျန်းမာရေးချို့တဲ့မှုအသွင်ကို ဆောင်နေသောချိနဲ့နဲ့ အမိုးကြားမှ ယိုစိမ့်ကျလာသော အရွယ်အစားစုံ နေစက် နေပြောက်တို့သည် ၀ါးပိုး ၀ါးကြမ်းခင်း တစ်လျှောက် ဖြန့်ကျက်နေရာယူထားသည်။ တချို့ နေပြောက်တို့သည် အနားပဲ့နေသော ကြွေရည်သုတ် ချိုင့်ခွက်အဟောင်းတွင်းတွင် ၀င်ရောက်နေရာ ယူသနေသကဲ့သို့ တချို့ကတော့ ရွဲ့စောင်းနေသော ဒန်အိုးဖုံးပေါ်တွင် တင်ကျန်နေသည်။ ကျိုးကျနေသော ၀ါးကြမ်းခင်း၏ ထိုးထိုးထောင်ထောင် အစိတ်အပိုင်း တို့တွင်လည်း နေရောင်ပြောက်က နေရာယူထားသည်။ အဆုံးစွန် ဆိုရလျှင် တစ်အိမ်လုံးတွင် နေရောင်မခသော နေရာသည် တနေရာတည်းတွင်သာ ရှိသည်။

အိမ်ကြမ်းခင်းအထက် ၂ ပေ ခန့်မြင့်သောနေရာတွင် ၀ါးကိုပင် အသုံးပြုထားသော ဘုရားစင်ရှိပြီး ထိုဘုရားစင်အောက်တွင် နေစက်နေပြောက်တို့ ကင်းဝေး ကြသည်။ မြင့်သော ထိုနေရာအထက်တွင် မြတ်ဗုဒ္ဓ၏ ကားချပ်သည် တင့်တယ်စွာ စံမြန်းတော်မူသည်။ မြေသားတို့ဖြင့် ပြုလုပ်အပ်သော မြေပန်းအိုးသည် ညိုသော အရောင်အဆင်းကို ဆောင်နေသော်လည်း သူ့တွင်ရှိသည့် စိမ်းသော၊ ၀ါသော ရွက်လှပန်း၊ ဇော်ဂျီပန်းတို့သည် ရှင်တော်ဘုရားအား ဦးခိုက်ကြည်ညိုနေကြသည်။ သို့ဖြစ်လေရာ ဤအိမ်များသည် ခြောက်နေသယောင်နှင့် စိမ်းစိုနေကြမြဲဖြစ်သည်။

ဤတဲအတွင်းမှ လူအများတို့သည် ကိုယ်ကာယကို အားပြုရာရောက်သည့် သို့တည်းမဟုတ် ခွန်အားကို အားပြုရသည့် အလုပ်အကိုင်တို့ကို လုပ်ကိုင်ကြလေသည်။ သူတို့၏ ကျယ်ပြန့်လှသော ကျောပြင်ကို အားပြုရာမှ ရလာသော အခကြေးငွေတို့တွင် ချွေးစ ချွေးနတို့ဖြင့်  လိမ်းကျံနေပြီး ထိုအဆင်တန်ဆာကပင် ခြေ၊ လက် လှုပ်ရှားမှုတိုင်းကို တန်ဖိုးမြင့်တက်စေသည်။ ဗြက်ကျယ်လှသော ဖ၀ါးတို့ဖြင့် ဦးတည်ရာ အရပ်ဒေသတိုင်းသည် ကိုယ့်ခွန် ကိုယ့်အားကို တိုးပွားစေရန် အားပေးအားမြှောက်ပြုရာရောက်သည်။ သို့သော် သန့်စင် ကြည်မွတ်သော ထိုချွေးစက်များထဲမှ တချို့ကမူ မိမိတို့အရပ်ဒေသကို စွန့်ခွာပြီး ညွှတ်နေသော အဆောက်အအုံတို့ရှိရာ ဦးတည် ပြိုဆင်းလာကြသည်။

ထိုချွေးစက်တို့ကို အခြေမဲ့ အနေမဲ့များဟု သမုတ်ကြကုန်သော အိမ်ကြီးရှင်တို့အတွက်ကတော့ ငွေကြေး ရှာဖွေမှုသည် မှော်ဆန်လွန်းနေသည်။ ချွင်ခနဲ ထိခတ် လိုက်သော အသံတို့၏ အဆုံးတွင် အိမ်ကြီးရှင်တို့၏ ဓနဥစ္စတို့သည် ဖွေးကနဲ၊ လက်ကနဲဖြင့် တိုးပွားလာကြသည်။ ယုတ်လျော့သွားကြသည်။ ဘုရင်မသည် လည်းကောင်း၊ ညှင်းသည်လည်းကောင်း ကောင်းရောင်း ကောင်းဝယ်ဖြစ်သည်။ ပြဌာန်းချက်များသည်လည်း သူတို့အဖို့ရာ ကျြွေတစ်လှည့် ကြက်တခုန်ဖြစ်လေ သည်။ ဥာဏ်အကူမသုံးလေသည့်တိုင်အောင် သူတို့လက်အတွင်းဝယ် ပိန်းပိတ်အောင်ထူသည့် ငွေဖြူတို့ရှိနေကြသည်။

သူတို့လက်ခေါက်မှုတ်လေရာ ကျင်လည်နေကြသော ဘ၀တို့သည်ကား မတူညီလေရာ အဆောက်အအုံ ၂ ခုကို လူးလားခေါက်ပြန်ကူး သန်းနေကြသည်။ အ၇ပ်၂ ခုကြားတွင် ပိုင်းခြားထားသောစည်းတံခါးသည် လူမှုရေးလိုဘ မပြည့်မှုများကြားတွင်  အကြိမ်ကြိမ် အဖွင့်အပိတ်လုပ်နေရသည်။ လှ၍ မပြည့်စုံသောသူများသည် ထိုစည်းရိုးတို့ကို အကြိမ်ကြိမ်ခုန်ကြသည်။ ပြည့်စုံနေလျက်က ထပ်မံဖူလုံချင်သူတို့ကလည်း စည်းကို ဖောက်မြဲဖောက်နေကြသည်။ ထိုသူတို့သည် မည်ကဲ့သို့ပင် လှသော၊ ယဉ်သော စကားလုံးတို့ကို ကြားညှပ်သုံးနေစေကာမူ အလိုက်ဖက်ဆုံးသော ဝေါဟာရသည် လော်လီဖောက်ပြားမှုသာ ဖြစ်သည်။

သူတို့သည် ငွေကြေးလိုအပ်မှုအတွက်ကြောင့် ခြံခုန်ကြသည်ဟုဆိုလျှင် ဖြူစင်သော ချွေးစက်ကို ရင်းသူတို့က ရွံ့ကြပေလိမ့်မည်။  မှန်သောအကျင့်ကို တောင်းတွင် ထည့်၍ နေရာတကာလှည့်ကာ ဈေးရောင်းသူတို့က ထိုသူတို့ကို ဟားကြပေလိမ့်မည်။ ခြံထွက်သီးနှံတို့ကို စည်းပိုးချည်နှောင်ပြီး သမာဓိဖြင့် အရောင်းအ၀ယ်ပြုကြသူတို့က လှောင်ပြောင်ကြပေလိမ့်မည်။ ထိုသူတို့၏ အပြုအမူကို ကလေးငယ်များကအစ ရွံ့ကြောက်ကြသည်။ စောင့်ထိန်းအပ်သော သိက္ခာတစ်ရားကို တစ်ပိုင်းတစ်စစီ ခုတ်ထစ်ရောင်းချသူများသည် ၀မ်းရေးအတွက်ဆိုသော အကြောင်းပြချက်ကိုပေးသည့်အခါ ပြာသောပင်လယ်တို့က လှိုင်းတံပိုးထကာ ဟားတိုက်ရယ်မောကြသည်။

ထိုသို့ ကွဲပြားခြားနားနေသော မြို့ရှိ လူတိုင်းလိုလိုတွင် ထိုက်သင့်သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းများ ရှိသည်ကလည်း အမှန်ပင်ဖြစ်သည်။ သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး သင့်လျော်သော အယူအဆတို့ကို မွေးမြူပျိုးထောင်နိုင်ကြသည်။ သူတို့မှ ဆင့်ပွားလာသော မျိုးဆက်သစ်များအတွက် သူတို့က မိရိုးဖလာ အလေ့အကျင့်တို့ကို ကိုင်းကူးပေးနိုင်ကြသည်။ ဘိုးဘေးအစဉ်အဆက်က စရိုက်လက္ခဏာတို့သည် အဖေမှသား၊ အဘိုးမှ မြေးဆီသို့ ဆင်းသက်လာကြသည်။ မိမိတို့အလေ့အထ၊ မိမွေ ဖမွေကို ထိန်းသိမ်းသော ဂုဏ်ပုဒ်ကို ထိုမြို့ရှိ မွဲသောအဆင်းရှိသူတို့တွင်လည်းကောင်း၊ ပြောင်လက်သော အဆင်းရှိသူတို့တွင်လည်းကောင်း အသီးသီးတွေ့ကြရမည်ဖြစ်သည်။ ဤသို့ အမျိုးဂုဏ်ကို ထိန်းသိမ်းထားခြင်းသည် သူတို့မှီတင်းနေထိုင်ရာ အဆောက်အအုံ တို့နှင့်မသက်ဆိုင်ချေ။ တစ်စံတစ်ယောက်၏ တွန်းအားမပါဘဲ နှလုံးသား၏ စေ့စော်မှုအတိုင်းသာ ဖြစ်လေသည်။

သို့သော် ပြည့်စုံခြင်း၊ မပြည့်စုံခြင်းဆိုသော အလွှာ ၂ ရပ်လုံး၌ပင် အောက်ကလိအာ၊ အာကလိအောက်များလည်း ရှိနေကြပြန်သေးသည်ကိုတွေ့ရလိမ့်မည်။ အချိန်ကာလတစ်ခုတွင် ရွေ့လျားပြောင်းလဲသွားသော ခေတ်ကို အကြောင်းပြုလျက် မိမွေ၊ ဘမွေတို့ကို စွန့်ခဲ့ကြသူများ ရှိလာကြသည်။ ခေတ် သည် နေရာဒေသ မရွေး၊ ကြီးငယ် ကျားမမရွေး ဖြတ်သန်းသွားသော်လည်း ခံယူလိုက်သော မြို့သူ၊ မြို့သားတို့ အတိမ်အနက် သဘောထားများ အလျောက် ယဉ်ကျေးမှုတို့ ကမ်းပါး ပြိုခဲ့ရသည်။ လွတ်လပ်မှုကို ရှာဖွေလျက်က သူတို့သည် စောင့်ထိန်းအပ်သည်တို့ကိ ပြုတ်ထွက်စေခဲ့ကြသည်။ သို့ဖြစ်လေရာ ထိုမြို့၌ပင် ခေတ်ကို နောက်ခံ ထားလျက် မျိုးရိုးဂုဏ်ကို စောင့်ထိန်းသူနှင့် မျိုးရိုးဂုဏ်စွန့်သူ ဟူ၍ လူတန်းစား ၂ ရပ် ရှိနေပြန်သည်။

ဆိုရသည်ရှိသော ထိုမြို့တော်တွင်

ချမ်းသာသူနှင့် ဆင်းရဲသူ၊

ပျော်ရွှင်ရသူနှင့် စိတ်ပင်ပန်းနေရသူ၊

အကျင့်စာရိတ္တကောင်းသူနှင့် လော်လီဖောက်ပြားသူ၊

အမျိုးဂုဏ်ကိုစောင့်သူနှင့် စွန့်ခွာသူ

ဟူသော ဆန့်ကျင်ဘက် အလွှာကြီး ၂ လွှာတို့က ကြီးစိုးနေကြသည်။

မိမိတို့ လိုရာခရီးကို အတိမ်းအစောင်း မရှိ ရောက်ရှိနိုင်သူများသည် ထိုမြို့ကို လိမ္မာပါးနပ်စွာ ဖြတ်သန်းနိုင်စွမ်းရှိဖို့ကိုတော့ အတော့ကို သတိထားရပေလိမ့်မည်။

နှင်းနုလွင်

၂၄၊ ၀၄၊ ၂၀၁၂

27 views

ပူစီမရဲ့ ရိုးရာသင်္ကြန်
သင်္ကြန်နားနီးပြီ။

ထီရောင်းတဲ့ တွန်းလှည်းတွေကလည်း တူးပို့တူးပို့သီချင်းတွေ ဖွင့်ကြပြီ။ လဘက်ရည်ဆိုင်တွေကလည်း သင်္ကြန်သီချင်းသံတွေမြိုင်လို့။

“ပူစီ….အိမ်ကို မှတ်မိတယ်မလား”

အမေက ဖုန်းဆက်ပြီး အငေါ့တူးတော့ ထုံးစံအတိုင်း “ဟုတ်ကဲ့” ပေါ့။

“အေးအေး…ပြန်လာဖို့ လမ်းမမှတ်မိရင်လည်း ပြော။ လာခေါ်မယ်။ ဒီနှစ် ရွာမှာ အလှူရှိတယ်။ ၁၀ ရက်နေ့ရောက်အောင်ပြန်လာခဲ့”

သင်တန်းက မပိတ်ဘူးအမေ။ အလုပ်က မပြီးသေးဘူးဆိုပြီး ထပ်ဆင်ခြေပေးလို့မရ။ ထပ်ပြောရင် ထပ်အဆူခံရတော့မယ်။ ပူစီကလည်း ပူစီပဲလေ။ လုပ်ချင်တာသာ လုပ်နေရရင် အကုန်မေ့တဲ့သူ။ အိမ်ပြန်ဖို့ကိုတော့ မေ့လို့တော့မဟုတ်ဘူး။ အားရက်မရှိလို့မပြန်ဖြစ်တာ။ ဖုန်းမဆက်တာကတော့ တကယ့်ကို မေ့နေလို့။ အဲဒါကို သွားပြောလို့ကတော့ ၇ ရက်လောက်တော့ ရေတက်ရေကျ အဆူခံရလောက်တယ်။ ဒီတော့ နောက်ပြဿနာ နောက်ဖြေရှင်း၊ လောလောဆယ် ဟုတ်ကဲ့ ပေါ့။

အမေက စိတ်ပူနေလို့သာပါ။ ရန်ကုန်သင်္ကြန်ကို တစ်နှစ်မှ နေတာမဟုတ်။ ကျောင်းတက်တည်းကနေ အခုနှစ်အထိ နှစ်တိုင်းအိမ်ပြန်တယ်။ မောင်နှမတွေ ပြန်ဆုံတာကလည်း ဒီရက်တွေပဲရှိတာ။ အိမ်မှာ အလုပ်ပါးတာကလည်း အဲဒီလို ရက်တွေပဲဆိုတော့ မိသားစု စုံစုံလင်လင်နေလို့ရတယ်။ ပြီးတော့ သင်္ကြန်ဆိုတာကလည်း မပြန်မဖြစ်။ အမှတ်ရစရာ ဇာတ်လမ်းလေးတွေ ရှိဖူးတာကိုး။

“ငါတို့ အိမ်က ခေါင်းလောင်း သုံးလုံးက တစ်လုံးလုံးမြည်ပြီးမှ မိုးချုပ်တယ်ဟေ့” ဆိုတာကတော့ အဖေရဲ့ လက်သုံးစကား။ ပူစီ တို့မောင်နှမ သုံးယောက်ထဲက တစ်ယောက်ယောက် ငိုပြီးမှ အဲဒီနေ့က မိုးချုပ်တယ်ဆိုတော့ အဖေပြောတဲ့ ခေါင်းလောင်းမြည်တာပေါ့။

“ပြန်လာရင် ဘယ်သူတိုင်သံမှ မကြားချင်ဘူးနော်။ အိမ်မှာနေရင် ဘာပစ္စည်းကိုမှ မဖျက်ဆီးကြနဲ့။ ရန်ဖြစ်တယ်ဆိုတဲ့ အသံကြားလို့ကတော့ ၀ါးစိမ်းကိုင်းစာမိမယ်နော်” လို့ပြောတာကတော့ အမေ။ အလှူအတန်းသွားခါနီးတို့၊ ဈေးသွားခါနီးတို့၊ လယ်ထဲကို လိုက်သွားခါနီးတို့ကျရင် မှာနေကြအသံတွေ။

“သမီးရေ…နင့်ကလေး သုံးကောင်ပါမယ်ဆိုရင်..ငါဘယ်လမ်းမှ မသွားဘူးနော်”

ပူစီတို့ ငယ်ငယ်တည်းက အမ ညည်းနေကျ စကားပဲ။ အမဆိုတာက ပူစီတို့အဘွား။ အမေက သူ့အမေကို “အမ၊ အမ´´ လို့ခေါ်တော့ ပူစီတို့လည်း အမဖြစ်သွားတယ်။ တခြားကလေးတွေလို အမေကြီးတို့၊ အဘွားတို့ မခေါ်ဖြစ်တော့ဘူး။ အမက သူ့ရဲ့ ချစ်လှစွာတဲ့မြေးတွေကို ခေါ်တာကိုပဲကြည့်။ မျောက်လောင်း သုံးကောင်တဲ့။ ပူစီတို့ပါတဲ့လမ်းများ ရွှေထွက်ရင်တောင် မသွားဘူးတဲ့။ အဲဒီလောက်အထိကို အချစ်ပိုတာ။ တကယ်တော့ အဲဒီလောက်ကြီး ပျစ်ပျစ်နှစ်နှစ် မပြောသင့်။ ပြေးကြည့်မှ ဒီမြေးလေးတွေပဲရှိတာ။

အိမ်မှာ မောင်နှမ ငါးယောက်ရှိပေမယ့် အငယ်နှစ်ယောက်ကကျတော့ ပူစီတို့တစ်ခေတ်ကို မမှီလိုက်ဘူး။ သောင်းကျန်း တဲ့ခေတ်ကိုပြောတာ။ ပူစီရယ်၊ ညီမလေးရယ်၊ ကောင်လေးရယ်။ ပူစီတို့ ၃ ယောက်က ၂ နှစ်ကြီး ၂ နှစ်ငယ်တွေ။ တစ်အိမ်လုံးမှာ သားယောက်ျားလေးက တစ်ယောက်ပဲရှိတော့ ငယ်ငယ်တည်းက ကောင်လေးလို့ ခေါ်ရင်းနဲ့ အခု ကြီးတဲ့အထိ ကောင်လေးပဲ။ စိတ်တိုရင်တော့ အကောင်လေးလို့ ခေါ်တာပေါ့။ ကောင်လေးကိုမွေးတုန်းက အမေ နောက်တစ်ယောက်မွေးလို့ဆိုပြီး မနာလိုမဖြစ်။ အမေ မီးတွင်းထဲက မထွက်ခင် မောင် လုကြတယ်။ ညီမလေးကလည်း သူ့အောက်ကမို့ သူ့မောင်လေး၊ ပူစီကလည်း ငါက အကြီးဆိုတော့ ငါ့မောင်လေး။ အမှန်တော့ အကြီးဆုံးဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ဘိုကျတာလေ။ အမေ့အခန်းပေါက်ဝမှာ ညီအစ်မ ၂ ယောက်အော်ငိုလို့ ဘွားအေတွေ အိမ်မှာ လိုက်အိပ်ရတာ မှတ်မိသေးတယ်။ အင်း …မျိုးပိုင်လေးကို မွေးတုန်းက သင်္ကြန်ပြီးခါစ။

ကောင်လေး ၁ နှစ်ကျော်၊ ၂ နှစ်သားလောက်ရောက်တော့ ပူစီက သူငယ်တန်း စတက်နေပြီ။ အဖေက ပူစီတို့ မောင်နှမတွေစီးဖို့ ဆိုပြီး ဘိုအုန်းသီး စက်ဘီးလေး ၀ယ်ပေးထားတယ်။ မနင်းတော့ မနင်းတတ်သေးပါဘူး။ အရှေ့က စက်ဘီးဂိုက်မှာ ပီနံကြိုးချည်ပြီး လူကြီးတစ်ယောက်က ဆွဲပေးတယ်။ ခက်တာက အဲဒီစက်ဘီးကို မောင်နှမ သုံးယောက်လုံး စီးချင်တာ။ နင်းတဲ့သူထိုင်တဲ့ အုံးနေရာရယ်၊ နောက်က ကယ်ရိယာခုံရယ်၊ ဒါပဲရှိတာ။ ပြီးတော့ ကောင်လေးရော၊ ညီမလေးရောက ၀၀တုတ်တုတ်လေးတွေ၊ အသားဖြူဖြူလေးတွေ၊ ပူစီကတော့ အကောင်သေးသေးမည်းမည်းလေး။ အဲဒီတော့ လူကောင်တွေက တစ်ယောက်နဲ့ တစ်ယောက်သိပ်မကွာဘူး။ ကယ်ရီယာခုံမှာက ၂ ယောက်ထိုင်လို့မရဘူး။ ဒီတော့ ပုသိမ်ကိုသွားပြီး တွင်ခုံမှာ ဘီးနဲ့ ခုံကို ထပ်ဆက်ရတယ်။ အရှေ့က သံခွေ။ နောက်ဆက်တွဲကတော့ တာယာခွေပေါ့။ အဖေပထမဆုံးလက်လန်သွားခဲ့ရတဲ့နေ့။

(က) ဘိုအုန်းသီးပေးတဲ့ သင်္ကြန်

ပူစီတို့ရွာမှာ ပဲပြုတ်ရောင်းတဲ့ ဘွာလေးဒေါ်နီဆိုတာက ပူစီတို့ဆီကနေ ပဲကို ၀ယ်နေကြပေါ့။ အများကြီးတော့ မဟုတ်ဘူး။ တပြည်စ၊ နှစ်ပြည်စပေါ့။ ဒီနေ့ယူသွားပြီးရောင်း၊ ညနေကျမှ ပေးပေါ့။ ညီမလေးကိုဆိုရင် ဘွားလေးနီက တော်တော်ချစ်တယ်။ ညီမလေးက ချစ်ဖို့ကောင်းတာလည်းပါတယ်။ မျက်နှာလည်း ချိုတယ်။ ဒါပေမယ့် ညီမလေးက သူ့ပါးဆုံကို လာလာဖျစ်ရင် တအားနာတော့ ဘွားလေးနီကို မချစ်ဘူး။

ပူစီတို့ကျောင်းပိတ်တဲ့ နွေတနေ့မနက်တော့ အမေက အစောကြီးပဲ ဈေးသွားတယ်။ အဖေက သူ့ကျောင်းကို ကျောင်းစစ်လာမယ်ဆိုတော့ ၇ နာရီ လောက်တည်းက ကျောင်းသွားပြီ။

“မမကြီးရေ…´´

“ဝေ´´

“ခိုင်ကြီးတို့ အကြွေးသွားတောင်းရအောင်´´“ဘွားလေးနီ မနေ့က ပဲဖိုးလာပေးဘူး။ တွားတောင်းမယ်´´

“မေကြီးသိရင် ဆူလိမ့်မယ်ဟ´´

“မေကြီးမသိအောင် တွားတောင်းမယ်။ တောင်လေးလည်း ခေါ်တွားမယ်၊ အဲဒီပိုက်ဆံကို ရေပြွတ်ဝယ်မယ်´´

ပူစီတို့က သင်္ကြန်မှာဆော့ဖို့ စတီးရေပြွတ်ကို လိုချင်တယ်။ အမေကတော့ ချော်လဲရင် ထိခိုက်မိမှာစိုးတော့ ၀ယ်မပေးဘူး။ ပူစီတို့က ကော်ငါးလေးတွေ၊ သေနတ်လေးတွေ၊ သစ်သီးလိုမျိုးတွေကို ပိုက်သေးသေးလေးတွေတပ်ထားတဲ့ ရေပြွတ်လေးတွေကိုပဲ ၀ယ်ပေးတယ်။ သင်္ကြန်တစ်နှစ်တည်းမှာပဲ ရေပြွတ်က ၂ ခုလောက်တော့ ပျက်စီးသွားတတ်တော့ လေးငယ်တို့ဆော့တဲ့ ရေပြွတ်အကြီးကြီးတွေကိုပဲ လိုချင်တော့တာပေါ့။ အခုဘွားလေးနီဆီက ပိုက်ဆံကိုသာ ရရင် လိုချင်တာကို ၀ယ်လို့ရပြီ။

ဒါနဲ့ ဘိုအုန်းသီး စက်ဘီးလေးပေါ်မှာ ကောင်လေးကိုတင်၊ ပူစီက ရှေ့ကနေဆွဲ ညီမလေးက ကြိမ်လုံးလေးကို ထမ်း ပြီး ရွာအရှေ့ဖျားက ဘွားလေးနီတို့အိမ်ကို အကြွေးတောင်းရအောင် ချီတက်သွားကြတာပေါ့။ ပူစီတို့အိမ်က ရွာလည်မှာ။ ရွာမှာက ကြားထဲမှာ မြေနိမ့်ပိုင်းတစ်ခုက ချောက်လိုမျိုးဖြစ်နေတယ်။ မိုးတွင်းဆိုရေရှိတယ်။ နွေဆိုရင်တော့မရှိဘူး။ အဲဒီ မြောင်းကိုဖြတ်ပြီး အဘပိန်က သစ်သားတံတားလေး ထိုးထားပေးတော့ ဦးပိန်တံတား လို့ခေါ်တယ်။ မန္တလေးက ဦးပိန်တံတားတော့ မဟုတ်ဘူးပေါ့။ အပေါ်ကနေအုန်းတုံးတွေကို ခင်းထားတယ်။ လမ်းသွားလမ်းလာအဆင်ပြေတယ်။ စက်ဘီးတွေဘာတွေဆိုရင်တော့ အောက်ဘက် ချောက်ပြေပြေလေးကနေ ဆင်းတွန်းသွားရတယ်။

“ဘွားလေးနီ…..ဘွားလေးနီ´´

ခြံစည်းရိုးအစပ်ကနေ အော်ခေါ်ပေမယ့် အထဲက ပြန်ထူးသံ မကြားရသေးဘူး။ နောက်တစ်ခေါက်ထပ်ခေါ်။ ဒါလည်း ထူးသံ မကြားရ။

“ဘွားလေးနီ….ဘွားလေးနီ…မေကြီးက ပဲဖိုးပေးလိုက်ပါတဲ့´´

“ဖွားယေးနီ….ဖွားယေးနီ…ပဲဖိုး…ပဲဖိုး´´

ကောင်လေးကလည်း မပီမသနဲ့ လှမ်းအော်တယ်။ ညီမလေးက သူ့ကြိမ်လုံးလေးနဲ့ ခြံစည်းရိုးတိုင်ကို ခေါက်၊ ပူစီက ခြံပေါက်ဝကနေ ခုန်ခုန်ပြီး အော်တော့ ဘွားလေးနီတို့ အိမ်ကကျားဘိုက မျက်စိနောက်လာတယ်ထင်ပါရဲ့။ ပထမတော့ ဟောင်ရုံ ပဲဟောင်သေးတယ်။

“ထိုင်ကြီး…ထိုင်ကြီး….၀ုတ်….၀ုတ်…အဟိ´´

ကောင်လေးက ခွေးဟောင်သံကို သဘောကျတော့ ညီမလေးကို ခွေးဟောင်အောင် ထပ်လုပ်ခိုင်းတယ်။ ညီမလေးက ခြံစည်းရိုးတိုင်ကို ကြိမ်လုံးနဲ့ ထပ်ထပ်ခေါက်၊ ပူစီကလည်း ခုန်ဆွ ခုန်ဆွ လုပ်ပြလိုက်တော့ ကောင်လေးက သဘောတွေကျပြီး တခစ်ခစ်နဲ့ ရယ်တာပေါ့။ ကြာလာတော့ ခွေးက မျက်စိနောက်လာတယ်ထင်တယ်။ ခြံထဲကနေ ပြေးထွက်လာပြီး လိုက်ဆွဲတော့တာပဲ။ ညီမလေးက သူ့ကြိမ်လုံးလေးကို လွတ်ချ၊ ပူစီက ကောင်လေးကို တင်ထားတဲ့ စက်ဘီးလေးကို ဆွဲပြီး ဒုန်ဆိုင်းပြေးရတာ အိမ်ရောက်တော့ ဟောဟဲလိုက်နေတယ်။ ခြံစည်းရိုးတိုင်ကိုမှီ၊ စက်ဘီးကြိုးကို ကိုင်၊ ချွေးတွေ တဒီးဒီးကျနေတဲ့ ပူစီကို ကြည့်ပြီး ညီမလေးက မျက်လုံးပြူးပြပါတယ်။ ဘာလဲဆိုတော့ ချက်ခြင်းမပြောသေးဘဲနဲ့ ကယ်ရီယာခုံကိုပဲ လက်ညှိုးထိုးပြနေတယ်။ နောက်လှည့်ကြည့်လိုက်တော့

“ကောင်လေးရော´´

ဘယ်နားမှာ ပြုတ်ကျကျန်ခဲ့လဲ မသိဘူး။ ဒုက္ခပါပဲ။ ကောင်လေးကို ကျားဘိုကိုက်နေပြီလားမသိဘူး။ ငါတို့မောင်လေးကို ကိုက်တဲ့ခွေး နာမယ်လို့ ကြိမ်းမောင်းပြီး ကျားဘိုကို ပစ်ဖို့ကျောက်ခဲလေး ၃၊ ၄ လုံး လိုက်ကောက်တယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ရွာလမ်းမပေါ်ကို နောက်တစ်ခေါက်ပြန်ထွက်လိုက်တော့ ကောင်လေးကို ချီလာတဲ့ မေကြီးကို တွေ့တော့တာပဲ။ ကောင်လေးနဖူးမှာလည်း ပေါက်ပြဲနေတယ်။ ခြေထောက်ကလေးကလည်း နီရဲနေပြီ။ ပူစီတို့ကို မြင်လေ၊ ကောင်လေးက ငိုလေပဲ။

“မေကြီး…ထိုင်ကြီး….၀ုတ်ဝုတ်…ဟီးဟီးး´´

“ဖွားယေးနီ…ဖွားယေးနီ…ပဲဖိုး…ပဲဖိုး…ဟီးးး…ဟီးးး´´

“ပူကျီ…ပြေး….ပိုင်ပိုင်…နာ..နာ…´´

ကောင်လေးက သူ့ခြေထောက်လေးကို ပြလိုက်၊ ငိုလိုက်၊ ညီမလေးနဲ့ ပူစီကို လက်ညှိုးထိုးလိုက်၊ ငိုလိုက်ဆိုတော့ အကုန်ပေါ်တာပဲ။ မေကြီးက စိတ်တိုတာရော၊ စိတ်ပူတာရော ပေါင်းပြီးတော့ ဘာစကားမှ မပြောနိုင်သေးဘူး။ ကောင်လေးခမျှာ သနားပါတယ်။ ချောက်ထဲမှာ ပြုတ်ကျကျန်ခဲ့တာလေ။ စက်ဘီးပေါ်ကနေ ပြုတ်ကျတဲ့ အရှိန်ရော၊ လန့်တာရောနဲ့ တော်တော်နဲ့ အငိုမတိတ်ဘူး။ ဆေးလိမ်ပေးတော့လည်း စပ်လို့ ငိုလိုက်တာ အာကို ပြဲနေတာပဲ။ ပူစီတို့ ၂ ယောက်ကိုတော့ အမေက ဒဏ်ပေးထားတယ်။

“တစ်မနက်လုံး အိမ်တိုင်ကို ဖက်နေ´´ တဲ့။

နောက်ပိုင်းညောင်းလာတော့ တိုင်ကို မဖက်ထားနိုင်တော့ဘူး။ ကြမ်းပြင်ပေါ်ထိုင်၊ ခြေထောက်လေးနဲ့ပဲတိုင်ကို ခွချိတ်ပြီး ညီအစ်မ နှစ်ယောက် အရုပ်ဆက်တိုင်း ဆော့နေတယ်။ နေ့ခင်းဘက် ကျောင်းကပြန်လာတဲ့ အဖေက “အာဂပဲတွေပဲဟေ့” တဲ့။ ကောင်လေးကို ချီထားပြီးတော့ “မသေကောင်း၊ မပျောက်ကောင်းးကွာ´´ ဆိုတာကိုပဲ တဖွဖွပြောနေတယ်။ အကျိုးအမြတ်အနေနဲ့ အဲဒီနှစ်ကေ၇ပြွတ်အကြီးကြီးတွေကို ကိုင်လိုက်၇တယ်။ ကော်ပုံးထဲကို ရေပိုက်ထည့်၊ ရေပြွန်နဲ့ တရွှီးရွှီး ပက်ရတာ အရသာကို ရှိနေတာပဲ။ ရွာဆိုတော့လည်း ပက်စရာလူက သိပ်တော့မရှိဘူး။ ရွာထဲက အိမ်တွေကို လိုက်ပက်တယ်။ ဦးကြီး ဦးလေး ဒေါ်ကြီးဒေါ်လေးမှန်သမျှ အကုန်ပက်။ သင်္ကြန်ရဲ့ အရသာကို သိသွားတဲ့နှစ်။

(ခ) ဗီရိုတံခါးစီးတဲ့သင်္ကြန်

ပူစီတို့တွေမှာက ဦးကြီး၊ ဦးလေး၊ ဘကြီးတွေ၊ ဘွားလေးတွေ အများကြီးပဲရှိတယ်။ သူတို့ကနေ မွေးလာတဲ့ ပူစီတို့ ၀မ်းကွဲ ဦးလေးတွေ၊ မောင်နှမတွေကလည်း အများကြီးပဲ။ ငွေမချမ်းသာဘဲ လူဦးရေ ချမ်းသာတဲ့ အုပ်စုဆိုပါတော့။ ရွှေတောင် ကျီးသဲက အမျိုးတွေ၊ ဘုရားနီကအမျိုးတွေ၊ မြိတ်ကိုရောက်နေတဲ့ အမျိုးတွေက သင်္ကြန်ဆိုရင် ရွာကို ပြန်လာကြတယ်။ လူကြီးမိဘတွေကိုလည်း ကန်တော့ရင်း၊ ကလေးတွေလည်း အလည်ပြန်လာပို့တာပေါ့။ အဲဒီရက်တွေဆို ပူစီတို့က ပျော်မှပျော်။ အိမ်မှာကို ထမင်းမစားဘူး။ ဟိုအိမ်ကိုသွားလိုက်၊ ဒီအိမ်ကိုသွားလိုက်၊ စားလိုက်သောက်လိုက်နဲ့။ အမျိုးတွေ စုံကြရင် ကဲလည်း ကဲပါတယ်။ ကြွားလည်း ကြွားပါတယ်။ အိမ်မှာ အသစ်ဝယ်ထားတဲ့ အိပ်ရာခင်းကအစ ထုတ်ကြွားပါတယ်။ ၀မ်းကွဲတွေကလည်း သူတို့မှာရှိတဲ့ ကစားစရာ အသစ်အဆန်းမှန်သမျှကို ပါအောင်ယူလာပြီး ကြွားပါတယ်။ သူတို့မှုတ်တဲ့ ပီပီ ကအစ ယူလာပါတယ်။ နောက်ဆုံးကြွားစရာမရှိတော့ရင် အရိုက်ခံရတဲ့ အကြိမ်ရေကအစ ကြွားပါတယ်။

ပူစီဒုတိယတန်းစာမေးပွဲဖြေပြီးတဲ့နှစ်ကျတော့ သင်္ကြန်မရောက်ခင်တည်းက မြိတ်က ဦးလေးတို့ မိသားစုက ပြန်ရောက်နေတယ်။ ပူစီတို့ရဲ့ ဦးလေး ၀မ်းကွဲ။ အမရဲ့ တူ။ သင်္ကြန် အကြိုနေ့ရောက်ရင် ဘွားလေးတို့က မနက်ဆွမ်းကျွေး၊ ညနေ သာဂူတိုက်မယ်။ ပျော်မှပျော်ပဲ။ ဘွားလေးတို့အိမ်နဲ့ ပူစီတို့အိမ်က ကြားထဲမှာ ခြံဝိုင်း ၂ ခုပဲခြားတယ်။ ဒါပေမယ့် မြန်မာလို လဆန်း ၁၀ ရက်နေ့လောက်တည်းက ဘွားလေးတို့အိမ်ကိုသွားနေတယ်။ အ၀တ်အစား ၂စုံ၊ ၃ စုံလောက်ကို ကျွတ်ကျွတ်အိတ်ထဲကို ထည့်ယူသွားတယ်။ အိမ်ပြန်ပြီး အကျီလဲရင် အမေက ပြန်မလွှတ်မှာစိုးတာတို့၊ ဈေးဆိုင် စောင့်ခိုင်းမှာ စိုးတာကြောင့် တခါတည်း အပြီးယူသွားတယ်။ အဲဒီနှစ်ကတော့ ကောင်လေးက မနည်းကြီးနေပြီ။ လူရည်လည်း လည်နေပြီ။ အမေ့ကိုလည်း ချွဲတတ်နေပြီ။ သူ့ကိုမထည့်ရင်လည်း ဟိုလိုလို ဒီလိုလိုပြောပြီး ပူစီတို့နောက်ကို ရအောင် လိုက်တတ်နေပြီ။

သင်္ကြန်အကြိုနေ့မနက်။ လူကြီးတွေက အိမ်မှာ အလုပ်ရှုပ်နေပြီ။ ပူစီတို့ကို လှည့်မကြည့်အားတော့။

လူကြီးတွေနားမှာ လာမရှုပ်နဲ့၊ သွားဆော့နေကြဆိုတော့ ကလေးတွေအကုန်စုပြီး မြစ်ကမ်းစပ်က ကုက္ကိုလ်ပင်အောက်မှာ ဆော့နေကြပါတယ်။ အကြိုနေ့ သိကြာမင်း မဆင်းသေးဘူးဆိုလို့ ရေတော့ မဆော့ရသေးပါဘူး။ ဆော့ရင်းနဲ့ နည်းနည်းကြာလာတော့

“ပူစီတို့ အိမ်မှာ ပန်းကန်အသစ်တွေဝယ်ထားတယ် ကိုကိုကြီး။ ညနေ သာဂူသောက်ရင် ပူစီတို့မောင်နှမက အဲဒီပန်းကန်တွေနဲ့ပဲသောက်မယ်။”

မြိတ်က အစ်ကို့ကို ကြွားတော့ ဟိုကလှောင်တယ်။

“အောင်မယ်။ နင်တို့ဆီက ပန်းကန်တွေက မလှဘူး။ ငါတို့ဘက်က ပန်းကန်တွေကလှတယ်”

“ကိုကိုကြီး မယုံရင် ပိုင်ပိုင်တို့အိမ်လိုက်ကြည့်”

ကောင်လေးက ပြောပြောဆိုဆို အိမ်ကို ဆွဲခေါ်လာတယ်။ လူကြီးတွေက အကုန် ဖွားလေးတို့ အိမ်မှာ ဆိုတော့ အိမ်မှာက ဘယ်သူမှ မရှိဘူး။ ပန်းကန်ထည့်ထားတဲ့ ဗီရိုက သော့ခတ်မထားတော့ လွယ်လွယ်ပဲ ထုတ်ပြလိုက်တယ်။

“နောက်တစ်ခါ ငါတို့လာရင် ဒီထက်လှတဲ့ ပန်းကန်တွေ ယူလာပြမယ်”

“ကိုကိုကြီး ရှုံးပါပြီ။ ကိုကိုကြီးတို့ ပန်းကန်က မလှပါဘူး”

ကရော်ထိုးပြီး ပန်းကန်တွေကို ပြန်ထည့်တော့ နည်းနည်း အစွမ်းပြချင်တဲ့စိတ်က ပေါ်လာတယ်။

“ပူစီက တံခါးလည်း စီးတတ်တယ် ကိုကိုကြီး”

ပြောပြောဆိုဆို ခုနက ဗီရိုတံခါးကို ဖွင့်၊ ဘောင်ပေါ်ကို ခြေဖ၀ါးတစ်စောင်းတင်၊ ကိုယ်ကို ယိမ်းပြီး တံခါးစီးပြတယ်။ ပူစီယိမ်းပြီး ခဏလောက်ကြာတော့ ဗီရိုကြီးက ယိုင်ပြီး စောင်းကြလာတယ်။ အောက်ဆင့်မှာ ထားတဲ့ ပန်းကန်တွေ အကုန်ထွက်ကျလာတယ်။ မောင်နှမတွေအကုန်လုံးလည်း ၀ိုင်းအော်တာဆူညံသွားတယ်။ တဖြည်းဖြည်းနဲ့ ဗီရိုက ပူစီကိုဖိမိတော့မယ်။ နဖူးကလည်း ပန်းကန်ပြုတ်ကျတဲ့ အရှိန်နဲ့ ကွဲနေပြီ။ သွေးတွေလည်း ကျလာပြီ။ ကောင်လေးကလည်း ငိုနေပြီ။ ဘေးဘက်က ဒေါ်လေး မိတုတ်တို့ လင်မယားက သူ့တို့ဝက်ကို အစာပြန်ကျွေးရင်းနဲ့ ပူစီတို့အော်သံကြားသွားပြီး အပြေးလာလို့သာ ပူစီဒီနေ့အထိ အသက်ရှင်ရတယ်ပြောရမယ်။ ဗီရိုကို တုတ်ထားတဲ့ ကြိုးဆွေးနေတာ ပူစီက သိမှ မသိတာကိုး။

အဲဒီနှစ်ကတော့ နဖူးမှာ ပတ်တီးလေး စီးပြီး အမနဲ့ ဘုန်းကြီးကျောင်းကိုပဲ လိုက်သွားရတယ်။ ရေပြွတ်တွေနဲ့လည်းဝေး၊ ရေဖလားနဲ့လည်း ဝေးတဲ့သင်္ကြန်ပေါ့။

(ဂ) မန်းတောင်ရိပ်ခိုချင်တဲ့ သင်္ကြန်

ပူစီ ၅ တန်းတက်ခါနီးတော့ ရွာကအိမ်မှာ မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ရွာကျောင်းက လေးတန်းအထိပဲတက်လို့ရတာ။ ဒီတော့ အထက်တန်းကျောင်းကို ပြောင်းတက်ရမယ်။ အထက်တန်းကျောင်းရှိတဲ့ နေရာကို အိမ်ပြောင်းဖြစ်တယ်။ အခုပူစီတို့ပြောင်းတဲ့နေရာက ရပ်ကွက်လေးတွေရှိတယ်။ သင်္ကြန်ဆို စတိတ်စင် ထိုးတယ်။ ယိမ်းကကြတယ်။ ပူစီတို့ခြံနားမှာ ၇ွယ်တူကောင်မလေးတွေရှိတယ်။ သူတို့က ကဖို့၊ ခုန်ဖို့ဆိုရင် တအား ၀ါသနာပါတယ်။ ပူစီတို့ရောက်သွားတော့ အဲဒီနှစ် သင်္ကြန်မှာ ကခုန်ဖို့ အဖော်လာစပ်တယ်။ ပူစီရယ်၊ ညီမလေးရယ်ကိုပေါ့။

ခက်တာက အကောင်လေးက သူပါ ကမယ်တဲ့။ မန်းတောင်ရိပ်ခိုနဲ့ တူနဲ့က ဘာမှလည်း မဆိုင်ဘဲနဲ့ လိုက်ကချင်နေတယ်။ ကြီးတဲ့သူတွေ ဘာလုပ်လုပ် အကုန်လိုက်လုပ်ချင်နေကြတာ။ ပူစီတို့ ညီအစ်မအတွက် ခေါင်းလောင်းပုံလက်ကလေးနဲ့ ကမယ့်အကျီချုပ်တော့ အမေက သူ့အတွက်ပါ ချုပ်ပေးတယ်။ အမေက သူ့သားကို တအားချစ်တာလေ။ “ကလေးကို မခေါ်ချင်ရင် အကြီးကောင်တို့လည်း မကရဘူး” ဆိုတော့ အက တိုက်ရင် ကောင်လေးကိုပါ ခေါ်ခေါ်သွားရတယ်။ သူများ ခါးချိုးရင် သူပါ လိုက်ချိုးတယ်။ ခြေထိုးပြီးကရင်လည်း လိုက်ကတယ်။ မိန်းကလေးလိုကို ကတတ်တယ်။ ပူစီတို့က ကောင်လေးကတာကို သဘောကျပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေက ကောင်လေးကို “အခြောက်မ”လို့ခေါ်တာတော့ ဘယ်ကြိုက်မလဲ။

အဲဒီတော့ ပူစီတို့က ကောင်လေးကို လိုက်မကဖို့ပြောတာပေါ့။ မရဘူး။ ဘယ်လိုပြောပြောကမယ်ဆိုတာချည်းပဲ။ ပြီးတော့ အမေနဲ့လည်း အော်အော်တိုင်တော့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒီလိုနဲ့ ပူစီတို့ကမယ့် သင်္ကြန်ကိုရောက်လာပါပြီ။ ကမယ့်ပိုးထိုးနေတော့ တူးပို့..တူးပို့အသံ ကြားတာနဲ့ ကိုယ်က လိုက်နွဲ့နေတာပဲ။ ကမယ့်ညနေကျတော့ အမေက အိမ်ရှေ့အိမ်က အဘွားကြီးတစ်ယောက်နေမကောင်းလို့ သတင်းသွားမေးနေတော့ အိမ်မှာ လူကြီးတွေမရှိဘူး။ ဒီတော့မှ ကောင်လေးကို အိပ်ခန်းထဲခေါ်၊ အိမ်ခန်းတံခါးကို ချက်ချပြီး။

“အကောင်လေး၊ နင်ငါတိုနဲ့ တကယ်ကမှာလား”

“ကမှာ”

“နင်ကမယ်ဆို၇င် နင့်စက်ရုပ်ကို ငါတို့ ဂုတ်ချိုးပစ်မယ်”

“မေကြီးနဲ့ တိုင်မှာပေါ့။ မကြောက်ဘူး။”

“လိမ္မာတယ်နော်၊ မောင်လေး….က ရင်လေ..သူတို့က အခြောက်မလို့ခေါ်မှာပေါ့။ ရှက်စရာကြီးနော်”

“မရှက်ပါဘူး။ ပိုင်ပိုင်တို့ ညီအစ်မတွေ တူတူကမယ်လေ”

ကြည့်တော့။ မောင်နှမလို့ သင်ပေးလို့မရဘူး။ ညီအစ်မဆိုတာချည်းပဲ။

“ပိုင်ပိုင် အခြောက်မ၊ နင့်အကျီကို ကက်ကြေးနဲ့ ကိုက်ပစ်မယ်”

ညီမလေးက ကတ်ကြေးကိုကိုင်ပြီး အဲလိုလည်း ခြောက်လိုက်ရော ငိုပါလေရော။ သူငိုတဲ့ အသံကို အမေကြားမှာစိုးတော့ အကောင်လေး ပါးစပ်ကို သွားပိတ်တော့ ပိုရုန်းပြီးအော်တာပေါ့။ ဒီအထိလည်း အပြင်ကမကြားရသေးဘူး။ နောက်တော့ ကလေးက ငိုနေရင်းနဲ့ အသံတောင် ပျောက်သွားတယ်။ ဒီတော့မှ တံခါးချက်ကိုဖွင့်ပြီး အမေ့ကို အတင်းလိုက်ခေါ်ရတယ်။ အမေလည်း လာရော ကောင်လေးက မျက်ခမ်းလေးတွေ၊ နှာခေါင်းလေးတွေကို နီနေပြီ။ ထုံးစံအတိုင်းပဲ။ ပူစီတို့တွေ အချခံရတာပေါ့။ “ဒီနေ့လည်း မကရတော့ဘူး။ ဘယ်တော့မှ မကရဘူး။ ကလေးကိုလည်း အညှာအတာမရှိဘူး…” ဆိုပြီး အမေဆူနေတုန်းမှာပဲ ခြေရင်းအိမ်ကနေ လော်စပီကာကနေ

“ချိုပြုံးရွှင်သော နှမပျိုရယ်…တစ်ကိုယ်လုံးပင် ချောအလှပိုတယ်”” ဆိုတဲ့အသံလည်း ထွက်လာရော ကမယ့်အကျီရယ်၊ အကောင်လေးရယ်ကို ဆွဲခေါ်ပြီး စတိတ်စင်ကို ပြေးတော့တာပဲ။ မှတ်မှတ်ရရ တစ်ခါပဲ ကဘူးတဲ့ မန်းတောင်ရိပ်ခို။

ကြားထဲမှာ

သင်္ကြန်တွင်းရေပုံးနဲ့ချော်လဲလို့ ဒူးပြဲတဲ့သင်္ကြန်

မဏ္ဍပ်လုပ်ရင်းနဲ့ ညီမလေးလက်ကို ဓါးထိတဲ့ အုန်းလက်သင်္ကြန်

အလှူခံလာတဲ့ အိုးစည်ဝိုင်းနောက်ကို ရေလိုက်ပက်ရင်းနဲ့ ကောင်လေးပျောက်တဲ့သင်္ကြန်

ပိတောက်ပန်းခူးရင်းနဲ့ တံချူခြေခုံပေါ်ပြန်စိုက်တဲ့ သင်္ကြန်

အများကြီးပဲ။ ကြာလာတော့ သင်္ကြန်ရောက်ပြီဆို၇င် အိမ်က အဖေနဲ့ အမေက ခုနစ်ရက်သားသမီးမေတ္တာပို့ဖို့ထက် သူတို့သားသမီးသုံးယောက်ကိုပဲ မေတ္တာပို့နေရတယ်။ ဘယ်သူမှ မထိခိုက်ပါစေနဲ့။ ဒီသင်္ကြန်အေးအေးဆေးဆေးဖြစ်ပါစေပေါ့။ ပူစီလည်း ၉ တန်းဖြေပြီးတဲ့အချိန်၊ သင်္ကြန်နားနီးလာပြီလဲဆိုတော့ အဖေက …..

“ပူစီ..အသက် ဘယ်နှနှစ်ရှိပြီလဲ”

“၁၄ နှစ်”

“ကဲ..မှတ်မိတဲ့အရွယ်တည်းက မနှစ်က သင်္ကြန်အထိ ပူစီတို့ ပြဿနာမရှာတဲ့ သင်္ကြန်ရှိဖူးလား”

“သင်္ကြန်ဆိုတာက အားလုံး အေးချမ်းစေဖို့လေ။ ပူပြင်းတဲ့ တန်ခူးလတွေမှာ အားလုံးရွှင်လန်းချမ်းမြေ့ပါစေဆိုပြီး ရေကြည် သွန်းလောင်းကြတယ်။ အလှူအတန်းတွေ လုပ်ကြတယ်။ ကုသိုလ်ယူကြတယ်။ အဖေရဲ့ ကလေးတွေက သင်္ကြန်မှာချည်းပဲ အပြစ်တွေဖြစ်နေတယ်။ ထိမိခိုက်မိတာတွေဖြစ်နေတယ်။ အဲဒါကောင်းလား။ မကောင်းဘူးလား။

“မကောင်းဘူး”

“နှစ်သစ်မှာ ထိခိုက်မိတယ်ဆိုရင်ရော ကောင်းသလား”

“မကောင်းဘူး”

“အပြစ်တွေကို လူကြီးတွေက ခွင့်လွှတ်ပေမယ့် ငရဲမင်းက နေမှာ မဟုတ်ဘူး။ အပြစ်ယူလိမ့်မယ်။ ကြောက်ဖို့ကောင်းတယ်။ ဘုရားကုန်းကိုသွားတုန်းက ပုံတွေကို မြင်ဖူးတယ်မလား။”

“ဟုတ်ကဲ့”

“အဲဒီတော့ ပူစီတို့ သင်္ကြန်တွင်းမှာ ကုသိုလ်လည်းရအောင်၊ ထိမိခိုက်မိလည်း မဖြစ်ရအောင် အဖေ တစ်ခုစဉ်းစားထားတယ်။”

စကားကို ဆက်မပြောဘဲ ပူစီတို့ကို အဖေက လိုက်ကြည့်နေပါတယ်။ ပူစီတို့ကလည်း စိတ်ဝင်တစားနဲ့ အဖေကိုလိုက်ကြည့်နေတယ်။ ပြီးတော့မှ သူ့ဖြစ်စေချင်တာကို ဖေကြီးက အေးအေးဆေးဆေးလေးပြောပြသွားတယ်။

အဲဒီနှစ်တည်းက ပူစီတို့ သင်္ကြန်နားနီးရင် လုပ်စရာ အလုပ်တစ်ခု ရှိသွားတယ်။ နွေရောက်ပြီဆိုရင် ရွာက ခြံမှာ ကင်ပွန်းချဉ်သီးကောက်ရတယ်။ ပြီးတော့ တရော်ချောင်းတွေကို ခုတ်ပြီး နေပူပြထားရတယ်။ အကြိုနေ့မတိုင်ခင် ၁ ရက်လောက် အလိုတည်းက အတာပန်းတွေကို လိုက်ခူးထားရတယ်။ မေမြို့ပန်းတို့၊ ဂန္ဓာပန်းတို့ကိုတော့ ဈေးကနေ ၀ယ်ထားတယ်။ ပြီးတော့မှ သပြေပန်း၊ ကံကော်ညွှန့်၊ အုန်းညွှန်၊ သက်ကယ်၊ ပုဏ္ဏရိတ်ပန်း၊ ပျဉ်းမပန်း၊ တမာရွက်တွေနဲ့ စုပေါင်းစည်းပြီး အကြိုနေ့မနက်ရောက်ရင် အဘိုးအဘွားတွေအိမ်ကို အတာပန်းပို့ရတယ်။ အတက်နေ့မှာ လက်ပံခေါက်တွေကို ခွာပြီး ထုထောင်း နေပူပြ၊ ညရောက်ရင် ကင်ပွန်းသီးတွေပြုတ်တယ်။ နောက်နေ့ နှစ်ဆန်း ၁ ရက်နေ့ရောက်ရင်တော့ ခေါင်းလျှော်ရည်ဖျော်ပြီး အနီးနားက အိမ်တွေကိုပါ ခေါင်းလျှော်ရည် ဝေတယ်။ ရွာမှာ သက်ကြီးရွယ်အို ပူဇော်ပွဲလုပ်တဲ့အခါမှာ ခေါင်းလျှော်တဲ့ အစဉ်အလာကိုပါ ထပ်ထည့်ပေးမယ်တဲ့။ ဒါကလည်း စလုပ်လုပ်ချင်းနှစ်က အိမ်ရှေ့အိမ်က မေးတုန်နေတဲ့ အဘွားကို ချုပ်ပြီးတော့ အတင်းခေါင်းလျှော်ပေးမိလို့လေ။ ဒီနှစ်တော့ ထည့်ပေးမလား မပြောတတ်။

“မမကြီးရေ…ကင်ပွန်းချဉ်သီးတွေကောက်ပြီးနေပြီ၊ အောင်သပြေပင် အသစ်တစ်ပင် တွေ့ထားတယ်။ အားလုံး အဆင်သင့်ပဲ” တဲ့။ အမေနဲ့ဖုန်းပြောနေတုန်း ဘေးကနေ ကပ်အော်ကြတယ်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်၊ ညီမလေးတွေလဲ။ အဲဒါကြောင့်ပေါ့။ ပူစီက ဒီနှစ်သင်္ကြန်လည်း အိမ်ပြန်မှာပါ။ ရွာမှာ ပျော်မှာပါလို့။

နှင်းနုလွင်

22၊ 03၊ 2011

ပေါ့ပေါ့ပါးပါးရေးပြီးသား မရှိတာကြောင့် မနှစ်က သင်္ကြန်ကိုပဲ ပြန်လည်မွမ်းမံရင်း သူငယ်ချင်းမိတ်ဆွေများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

98 views