Nov
29

ကြာခဲ့ပြီ။

ထုတ်မဖတ်ဖြစ်ခဲ့တဲ့ စာရွက်တချို့…ကြာခဲ့ပြီ

ကြားမယ်မထင်တဲ့ နံပါတ်တချို့..

ရွက်ဝါတချို့…လိပ်ပြာတချို့..ကြာခဲ့ပြီ။

တိမ်ပြာတချို့…မြူတချို့

လင်းပြာငှက်တွေ တချို့တ၀က်နဲ့

ချို့ချို့ငဲ့ငဲ့ တခြမ်းပဲ့ လလို

ချို့တဲ့မှုလည်း ကြာခဲ့ပြီ။

တရံရောအခါဆီက

စံပယ်တွေ ဝေတဲ့ ဇာတ်ဝင်ခန်း

ပျောက်ရှခဲ့တဲ့ ခရေပင်လမ်း

ကြိုးပြတ်ခဲ့တဲ့ သံစဉ်တွေနဲ့

သူရယ်… ကိုယ်ရယ်….

ဟန်ဆောင်မုန်းတမ်း ကစားခဲ့တာလည်း ကြာခဲ့ပြီ။

 

နှင်းနုလွင်

25၊ 11၊ 2011

31 views

Nov
26

“ လှုပ်ခတ်နေသောကုန်ကြမ်း”

ကွန်ပျူတာ ရှေ့မှာထိုင်ပြီး word page တခု ခေါ်ထားပေမယ့် ဘာတစ်ခုမှ ချ မရိုက်ဖြစ်သေးဘူး။ မြင်ကွင်းထဲမှာ လှုပ်စိ၊ လှုပ်စိ ပေါ်နေတဲ့ Cursor ကိုပဲ ကြည့်နေတယ်။ စာရေးရင်းနဲ့ သောက်ဖို့ဆိုပြီး ဖျော်ထားတဲ့ ကော်ဖီကလည်း တော်တော်အေးနေပြီ။ အခုထိ ကွန်ပျူတာ ရှေ့မှာ ထိုင်လို့ ကောင်းနေတုန်းပဲ။ စာရေးချင်နေတယ်။ ဒီနေ့ည ၀တ္တုတို တစ်ပုဒ်လောက် ရေးကြည့်ချင်တယ်။ ဒီတလော အလုပ်များတာရယ်၊ နောက်ပြီး စိတ်သိပ်မပါတာရယ်ကို အကြောင်းပြပြီး စာရေး စာဖတ်တဲ့အလုပ်ကို မလုပ်ဖြစ်တာ ကြာပြီ။ ခရီးထွက်ရမယ်ဆိုတာကို အကြောင်းပြပြီး ဂယောင်ရိုက်နေတာလည်း ပါတာပေါ့လေ။ ဒီနေ့ညတော့ စာတစ်ပုဒ်ကို ရေးချင်နေတယ်။ ကဗျာဆိုရင်တော့ တအားပင်ပန်းလွန်းရတော့ ဒီနေ့ည စာလေးတစ်ပုဒ်လောက်ကို အကြမ်းလောက် တို့ထားဦးမှ။

စာရေးမယ်ဆိုတော့ ချရေးစရာ ကုန်ကြမ်းက စဉ်းစားရပြန်ရော။ အခုလောလောဆယ်မှာ ဘာမှ စဉ်းစားမရဘူး။ ကိုယ့်အကြောင်းကို ရေးရင်ရော..။ ဒီလိုဆိုပြန်တော့ လည်း လတ်တလောမှာ ခံစားချက်က ချရေးစရာ မယ်မယ်ရရ မရှိပြန်ဘူး။ ထိုင်းမှာ ရေကြီးလို့ ပစ္စည်းတွေ ဈေးတက်ကုန်တာကို ညည်းရရင် ကောင်းမလား။ ညနေ အလုပ်က အပြန်ရေချိုးခန်းထဲအ၀င်မှာ ကြားလိုက်ရတဲ့ နှာစီးပြီး တရွှီးရွှီးနဲ့ လေသံမည်နေတဲ့ ဆပ်ပြာရည်ဘူး အကြောင်းရေး ရင်ကောင်းမလား…။ ဟုတ်တယ်…။ ဆပ်ပြာရည်တင် မဟုတ်ဘူး။ အသုံးအဆောင် ဘူးတော်တော်များများက နှာစေးနေပြီ။  သွားတိုက်ဆေးဘူးဆိုရင် ဖင်လေးတောင် လိပ်နေပြီ။ ဒါလေး သွားဝယ် ဖို့တောင် အချိန်က မရဘူး။ အချိန်မရှိတာနဲ့တင် မဟုတ်ပါဘူး။ ၀ယ်စရာ ပိုက်ဆံ နည်းတာကြောင့်လည်း ပါတာပေါ့လေ။

လခစား ၀န်ထမ်းဆိုတော့လည်း ချင့်ချိန်ချွေတာနေရတာ။ ဒီကြားထဲ အပိုကုန်သွားတာတွေကရှိသေးတယ်။ အခုညနေလည်း လိုင်းကား ပေါ်မှာ စပယ်ယာက ၅၀၀ တန်ပေးတာကို ၂၀၀ ပဲ ပြန်အမ်းတယ်။ ၁၀၀ ကို မေ့ချင်ယောင်ဆောင်နေတယ်။ ဒါမျိုး တနေ့ကို ၂ခါမေ့ရင် ၂ ရာ ပိုကုန်တယ်။ တလလုံးဆိုရင်တော့ အနည်းလေး ၅ ထောင် သွားမှာပဲ။။ ငါ့လိုမျိုး လူတော်တော်များများ ခံနေရတာပဲ..။ ရန်ကုန်မှာ လူလာလုပ်ရတာ တော့်တော့်ကို မလွယ်ဘူး။ လိုင်းကားစီးရင်လည်း ပိုက်ဆံပေး စီးရပေမယ့်… စပယ်ယာက မခန့်လေးစား လုပ်ချင်တယ်…။ ကိုယ့်ပိုက်ဆံ ပြန်တောင်းရင်လည်း အော်ချင်ရင် အော်လိုက်၊ ငြူငြူစူစူ ကြည့်လိုက်နဲ့၊ သူတို့ပဲ… အတင်းဆွဲတင်…သူတို့ပဲ အတင်းတွန်းချ။ ကားနှစ်ထပ်ကြားမှာ ညှပ်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။ တကယ့်ကို မသက်မသာတွေ။ ကြည့်ပါဦး…ဘ၀များ…. ဆိုးပါတယ်…။ ငါ့လိုလူတွေ ဘယ်လောက် များမလဲ။ ဒီအကြောင်းလေးကို စာချရေးဦးမှ။

တကယ်တမ်း ချရေးမယ်လည်း ဆိုပြန်ရော ဘယ်ကနေ စရမယ်မှန်း မသိပြန်ဘူး။ လိုင်းကားကြပ်တဲ့အကြောင်းက စရမလား၊ စပယ်ယာရဲ့ ငေါက်သံနဲ့ စာကို ဖွင့်ရမလား၊ ဒါမှမဟုတ် ပစ္စည်းတွေ ပြတ်တဲ့ အကြောင်းက စရမလား။ လစာလေး မဖြစ်စလောက်ရတဲ့ အလုပ်အကြောင်းက စရမလား။ စဉ်းစား…စဉ်းစား..။ ဒီလိုမျိုး စိတ်ညစ်စရာတွေ ကို ချမရေးချင်ပါဘူး။ ဒီအကြောင်းတွေ ချရေးဖို့ စဉ်းစားရင်လည်း ကိုယ်ပါ လိုင်းကားပေါ် နောက်တစ်ခေါက် ပြန်တက်ရဦးမှာ။ ပင်ပန်းတယ်..။ မဖြစ်ဘူး။ တခြား ပေါ့ပေါ့ပါးပါးဖြစ်မယ့် အကြောင်းအရာမျိုးကို ပြောင်းစဉ်းစား ဦးမှ။

ပေါ့ပေါ့ပါးပါးဆိုတော့ ဆုံးသွားတဲ့ ဘကြီးသန်းအောင်ကို သွားသတိရမိတယ်။ ဘကြီး သန်းအောင်က အဖေဘက်က တော်တာ။ ဘကြီးတို့က ဦးသန်းအောင်ရယ်၊ ဦးသန်းမောင်ရယ်ဆိုပြီး ညီအစ်ကို ၂ ယောက်ရှိတယ်။ ဦးသန်းမောင်က ကျွန်မတို့ရဲ့ အဘိုး၊ ဦးသန်းအောင်ကကျတော့ အဖေ့ဦးလေး၊ ကျွန်မတို့ ဘကြီးပေါ့။ ဘကြီးက ကျောင်းဆရာ။ ရိုးရိုးအေးအေးကြီး။ ဟိုးအရင်တုန်းက ၁၀ တန်းအောင်ပြီးတော့ ကျောင်းဆရာ ၀င်လုပ်နေတာ။ စာသင်တာကလွဲပြီး တခြား ဘာမှမလုပ် တတ်ဘူး။ လူကြီးတွေကလည်း ကျောင်းဆရာလေးဆိုတော့ ဂုဏ်ရှိတာပဲ.. ဘာမှ မလိုဘူးဆိုပြီး ထားထားတာ။ နောက် အရွယ်ကလေးရပြီး အတောင်အလက်စုံတော့ အဘိုးက အရင် အိမ်ထောင်ကျတယ်။ နောက်ကားက အင်ဂျင်ကောင်းတော့ ကျော်တက်သွားတာပေါ့။

အဘိုး အိမ်ထောင်ကျပြီး သိပ်မကြာခင် ရွာမှာ ၀မ်းပျက်တာတွေ တစ်ရွာလုံးဖြစ်ကြတော့ မိဘနှစ်ပါးလည်း ဆုံးသွားတယ်ပေါ့။ အိမ်မှာ မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်နဲ့ ခြံနည်းနည်းနဲ့ ဘကြီးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဘကြီးက အူတူတူ အတတဆိုတော့ စီးပွားရေးတွေကို ဆက်မလုပ်တတ်၊ မကိုင်တတ်။ ဒီတော့ ကျန်နေတဲ့ ဒေါ်ကြီး ဒေါ်လေး၊ ဦးကြီး ဦးလေးတွေက စိတ်ပူတယ်။ ဘကြီးရဲ့ စာရေးသောက်ရေးက အစ စီးပွားရေးအဆုံး.. နောင်ရေးအတွက် တိုင်ပင်ကြ တာပေါ့။ နောက်ဆုံးတော့ လက်ငုတ် လက်ရင်းလေးတွေလည်း မပြုတ်ရအောင်၊ အနေအစားလည်း သင့်တော်အောင် ဒေါ်ကြီး အေးမြင့်နဲ့ အိမ်ထောင်ချပေးဖို့ လုပ်သတဲ့။ ဒေါ်အေးမြင့်က အသက် ၃၀ လောက်ရှိတဲ့ အပျိုကြီး။ လုံးကြီးပေါက်လှ။ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာဆိုတော့ စီးပွာရေး လေးလည်း လုပ်တတ် တယ်ဆိုပါတော့။ နေရာချထားပေးမယ်ဆိုပြီး လူကြီးတွေက စီစဉ်တော့ နှစ်ဘက်လုံးကလည်း သဘောတူ ကြည်ဖြူပေါ့။ သတို့သားလောင်း၊ သတို့သမီးလောင်းတွေ က အင်း ချတယ်ဆိုတော့ စီစဉ်စရာရှိတာတွေ စီစဉ်ပေါ့။

ခက်တာက မင်္ဂလာဆောင်ခါနီးအထိ သူတို့ချင်း အေးအေးဆေးဆေး မဆုံရသေးဘူး။ ဒေါ်ကြီးဒေါ်လေးတွေကပဲ စီစဉ်နေကြတာ။ အခုထိ သူတို့ချင်း မဆုံရသေး တာတော့ မဖြစ်ချေဘူးဆိုပြီး စကားပြောရအောင် လုပ်ကြမယ်ပေါ့။ ဒီမှာ ဘကြီးက လူမြင်ကွင်းမှာ စကားပြောရမှာ မျက်နှာပူလို့တဲ့။ ဘာပူစရာရှိလို့လဲ၊ ယူမယ့် လူတွေပဲ ဆိုတာလည်း မရဘူး။ ဒေါ်အေးမြင့်ကို အားနာလို့တဲ့။ ကဲ…ဒါနဲ့ပဲ သူတို့ကို ရွာက ဘုရားမှာ တွေ့လို့ ပြောတာပေါ့။ အဲဒီတုန်းက ရွာဘုရားဘေးမှာ ရှမ်းပြေးရွက် လို့ ခေါ်တဲ့ ခြုံပင်တွေရှိတယ်။ အထဲမှာ ယုန်တွေ ဘာတွေတောင် ဖမ်းလို့ရတယ်ဆိုတော့ ခြုံဘယ်လောက် ထူတယ်ဆိုတာ တွေးသာ ကြည့်တော့။ တွေ့မယ် မနက်ကျတော့ ဘကြီးသန်းမောင်ကို အရင်လွှတ်၊ နောက်မှ ဒေါ်အေးမြင့်ကို လွှတ်လိုက်တယ်ပေါ့။

လူကြီးတွေ စိတ်ထဲမှာတော့ ငါတို့တူက အ တယ်…၊ အတယ်နဲ့ နောက်ဆုံးတော့ ခြုံကို ချိန်းတာပါလားဆိုပြီး တွေးပြီး ပြုံးတုံ့တုံ့ လုပ်နေတာပေါ့။ အဲဒီနေ့မနက် ရွာမှာ ဆွမ်းခံဝင်ပြီး ကတည်းက ဘကြီးတို့သွားတာ ၁၀ နာရီ .. သူတို့ ပြန်မလာ၊ ၁၁ လည်း မပေါ်လာ…ဆိုတော့ စကားကောင်းနေကြလို့ ဖြစ်မယ်ပေါ့၊ လူကြီးတွေက ဒီလိုတွေးတယ်။ နောက်… ၁ နာရီ၊ ၂ နာရီ…။ ဒါဆိုရင်တော့ မဟုတ်တော့ဘူး။… ညနေ ၄ နာရီလည်း ထိုးရော ဒေါ်အေးမြင့်တစ်ယောက်ရွာထဲကို ဘုဆတ်ဆတ်နဲ့ ဒုန်းဆိုင်းပြီးဝင်လာတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ မျက်နှာကိုလည်း မောင်းချီလို့။ ဒါကိုမြင်တော့ လူကြီးတွေက ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်တယ်။ ဟိုလူ မောင်သန်းအောင် ဘာလုပ်လွှတ်လိုက်သလဲပေါ့။ လူကြီးတွေက မေးတော့ ဒေါ်အေးမြင့်က မပြောဘူး။ သိချင်ရင် ဟိုလူ့သွားမေး ဆိုတော့… လူကြီးတွေက ရွာထိပ်လိုက်သွားတာ….ဟိုလည်းရောက်ရော…။

ဘုရားလှေခါးခြေရင်းက ရှမ်းပြေးရွက်ခြုံကြီး မရှိတော့ဘူး။ ခြုံနေရာက ရှင်းလို့ လင်းလို့….ဘကြီး သန်းမောင်ကိုလည်း အဲ့ဒီမှာ ငုတ်တုတ်ကြီး ထိုင်နေတာ ကို မြင်တော့  လူကြီးတွေက ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး အနားကပ်ကြည့်တာ ဘကြီးကိုလည်း မြင်ရော ဘာမှ မပြောနိုင်တော့ဘူး။ ဘကြီးက တစ်ကိုယ် လုံး ချွေးတွေ ရွှဲပြီး မျက်နှာမှာလည်း နီရဲနေတယ်။ စကားလည်း မေးမရဘူး။ ဒီတော့ ဒေါ်အေးမြင့်ရဲ့ ဦးလေးက ဘာမပြော၊ ညာမပြောဘဲ ဘုန်း ဘုန်းဆိုပြီး ပြေးကန်တော့ လဲသွားတယ်။ အနားက လူတွေက ၀ိုင်းဆွဲပြီး ဘကြီးကို အိမ်ခေါ်လာတယ်။ အိမ်ရောက်လို့ မေးတော့မှပဲ အကျိုးအကြောင်းစုံသိရတယ်။

လူကြီးတွေက တွေ့ဖို့လွှတ်လိုက်ပေမယ့် ဒေါ်အေးမြင့်ကို စပြီး စကားစပြောရမှာ အားနာလို့တဲ့။ ရှမ်းပြေးရွက် အကိုင်းတွေကိုပဲ ထိုင်ချိုးနေတာ။ မနက်တည်းက ချိုးတာဆိုတော့ ညနေလည်း စောင်းရော။ ခြုံလည်း ရှင်းသွားရောပဲ။ သူခြုံကိုင်းတွေကို ချိုးနေတဲ့အချိန် ဘေးနားမှာ ငုတ်တုတ်စောင့်နေရ တဲ့ ဒေါ်အေးမြင့် အဖြစ်ကလည်း ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ။ နေပူပူမှာ ရှမ်းပြေးပင်ရဲ့ အပွေးတွေထိတော့ ဘယ်လောက် ယားလိုက်မလဲ။ နောက်ဆုံး စိတ်တိုပြီး ရွာထဲကို ပြန်လာတာသာ ကြည့်တော့။ ခြုံပုတ်ကြီး မရှိတော့တာတော့ ကောင်းတယ်… မကောင်းတာက ဘကြီးအတွက်။ ဘကြီးကို ဒေါ်အေးမြင့်က မယူတော့ဘူး။ အူတူတူ နိုင်လွန်းအားကြီးလို့တဲ့။ ဒါနဲ့ ဘကြီးလည်း သေသာသွားတယ်… အားနာတတ်တဲ့စိတ်နဲ့ပဲ မိန်းမ ရမသွားဘူး။

အဲဒီဘကြီး အကြောင်းကို စီကာပတ်ကုံး ရေးလိုက်ရင်တော့ ၀တ္တုတစ်ပုဒ် ဖြစ်လာနိုင်လောက်ပေမယ့် ဆက်ပြီးစဉ်းစား ကြည့်လိုက်တော့ ကျွန်မမှာ ဘကြီး အကြောင်း ရေးစရာ ဘာမှ သိပ်မရှိတော့ဘူး။ ခုနက စဉ်းစားမိတာလေးက အကုန်ပဲ။ တကယ်တော့ ကျွန်မက ဘကြီး ၀တ်တာစားတာ၊ နေတာထိုင်တာတွေကို သိချင်သေး တယ်။ ဘကြီးကို အတယ်လို့ ပြောကြတယ်မလား..။ အဲ့ဒါ ဘယ်လို အ တာမျိုးလည်း ဆိုတာကို ကျွန်မ သိချင်တာ။ ဒါမှလည်း ဖတ်လို့ပျော်တဲ့ စာတစ်ပုဒ်ဖြစ်လာမှာမလား။ ဒီတော့ ခဏလေး တေးမှတ်ထားလိုက်ဦးမယ်။ အဖေကို သေသေချာချာမေးပြီးမှ စီကာပတ်ကုံးရေးရမယ်။  ရသမြောက်တဲ့ ၀တ္တု ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။

အဲဒီလို တောင်တွေးလိုက်၊ မြောက်တွေးလိုက်နဲ့ စာတပုဒ်ရေးဖို့ အချိန်ယူနေတာ အတော့်ကို ကြာသွားပြီ။ ခုထိလည်း တလုံးမှ ချမရေးရသေးဘူး။ ကုန်ကြမ်းကို ပုံဖော်နေရတာနဲ့တင်ပဲ အချိန်က ကုန်နေပြီ။ မျက်လုံးလည်း နည်းနည်းဝေချင်နေပြီဆိုတော့ ထိုင်နေရာကနေ ထ၊ အိမ်ရှေ့ ၀ရံတာမှာ သွားရပ်ပြီး ဟိုဟို ဒီဒီ ကြည့် လိုက်မိတယ်။ အချိန်က ည ၁၂ နာရီလောက် ဆိုပေမယ့် လမ်းပေါ်မှာ တိုက်ကြီး ကားလေးတွေက အရှိန်ပြင်းပြင်းနဲ့ မောင်းနေကြတုန်းပဲ။ ဟိုင်းလပ်ကား သေးသေးလေးပေါ်မှာ ပစ္စည်းတွေကို အပြည့်အသိပ်တင်လာတဲ့ကားတွေ ရှိသလို လူလေး ၂ ယောက်လောက်ပဲ ပါတဲ့ ကားတွေလည်း ဖြတ်သွားနေ တုန်းပဲ။ ခဏနေတော့ မြေပဲပြုတ်ရောင်းတဲ့ လှည်းကလေး တစ်စီးက တိုက်တန်းရှေ့ကနေ ဖြတ်သွားတယ်။ “ရွာမလိုလို….လာမလိုလိုနဲ့…. လေယူရာ ပါသွားတဲ့ မိုးတိမ်လို….မြင်သာမြင် မကြင်ရတဲ့မျက်နှာ” တဲ့။ မေမြို့မိုးနဲ့အတူ မြေပဲပြုတ်ရောင်းနေတဲ့ ဦးလေးကြီး။ မြေပဲပြုတ်ဗန်းရဲ့ ဇကာ အကြိုအကြားကနေ ထွက်လာတဲ့ ရေနွေးငွေ့တွေဟာ မီးချောင်းသေးသေးလေးရဲ့ အောက်မှာ တွန့်ခွေလို့။ သေသေချာချာ ကြည့်လိုက်တော့မှ အဲဒီဦးလေးကြီးရဲ့ ခြေထောက်တွေကပါ ယိမ်းယိုင်နေသလို။

အင်းလေ…ည ၁၂ နာရီဆိုတာ အသက် လူကြီးတစ်ယောက် အိပ်ရာထဲ ရောက်နေသင့်တဲ့ အချိန်ပဲ။ ဒါလည်း အဲဒီဦးကြီးရဲ့ နောက်ဆုံးလက်ကျန်ဖြစ်ချင်ဖြစ်မှာပေါ့။  ဒါကုန်ရင် သူအိပ်လို့ရပြီပေါ့။ ဒါပေမယ့် သူအိမ်ရောက်ရောက်ချင်းရော အိပ်လို့ရပါဦးမလား။ တကယ်လို့ နောက်တနေ့မနက်မှာပါ ဈေးထရောင်းရဦးမယ်ဆိုရင် သူ့မှာ အိပ်ချိန်ဘယ်လောက်ရှိမလဲ။ ဒီလိုဆိုရင် သူ့ကို ကူညီမယ့်သူမရှိဘူးလား။ သားထောက်သမီးခံ မရှိဘူးလား။ ဒါမှမဟုတ် လူမမယ်မြေးလေးတွေကိုများ ရှာဖွေကျွေးနေ ရတုန်းပဲလား …မေးခွန်းပေါင်းများစွာ။ ကျွန်မကသာ အတွေး အမျှင်မပြတ်ဘဲ ကျန်နေတယ်….မေမြို့မိုးကတော့ ကျွန်မကို ချန်ပြီး ခပ်လှမ်းလှမ်းကို ရောက်နေပြီ။

အဲဒီဦးလေးကြီးနောက်ကို လိုက်ကြည့်နေတုန်းပဲ  သူရောက်နေတဲ့ တိုက်တန်းဟာ မှောင်သွားတယ်။ ကျွန်မတို့ ဘက်လည်း ပါတာပေါ့လေ။ အော်… မီးပျက် သွားပြန်ပြီပေါ့။ ဒီတလော ကျွန်မတို့ဘက်မှာ မကြာခဏ မီးပျက်တယ်။ ချက်ချိန်၊ ပြုတ်ချိန်ဆိုရင် မီးက ပြတ်ပီ။ အခုလည်း ညကြီး ပျက်ပြန်ပြီ။ လမ်းမီးရောင်ကတော့ ခပ်သဲ့သဲ့ ကျန်နေတုန်းပဲ။ ဒါလည်း တမျိုးတော့ စိတ်ကူးယဉ်စရာ ကောင်းတာပေါ့လေ။ လမ်းမီးရောင်ရယ်၊ ကြယ်ရောင်ရယ်နဲ့ … ။ ဒီလို မပီဝိုးတ၀ါးကာလကို တိုးထွက်လာတာက

“ပြောင်းဖူးပြုတ် ပူပူလေး” “မုန့်ဖက်ထုပ် ပူပူလေး”

ဆိုတဲ့ အသံ နှစ်ခု။ ကျွန်မနားထဲကို ပြိုင်တူ တွဲပြီး ၀င်လာတယ်။ အသံ တစ်ခုက ချိုနွဲ့နေပြီး နောက်တစ်သံကတော့ စူးရှရှနဲ့ ကောင်ကလေး တစ်ယောက်ရဲ့ အသံ။ ခုနက မြေပဲသည်လိုပဲ ဒီအချိန်အထိ ဈေးရောင်းနေရတုန်းပဲ။ မီးရောင်မမြင်ရတဲ့ တိုက်ခန်းတွေ ဘက်ကိုကြည့်လိုက်၊ ဟစ်သံပေးလိုက်နဲ့ ဒီနှစ်ယောက်ဟာ သားအမိတွေပဲ ဖြစ်မယ်ထင်တယ်။ မီးလာတဲ့ အချိန်မျိုးဆိုရင် မီးလင်းနေတဲ့ အခန်းတွေဘက်ကို ကြည့်ပြီး ခေါ်နိုးနိုးနဲ့ ဟစ်ရောင်းကြမှာ။ အခုလို မီးရောင် မမြင်တော့ဘူးဆိုတော့ သူတို့လည်း အားလျော့နေမှာပေါ့။ ခပ်သုတ်သုတ်လျှောက်နေတဲ့ အမေနောက်ကို တောင်းကလေး ထမ်းပြီး လိုက်လာတဲ့ကောင်လေးဟာ လမ်းမီးတိုင် တခုနားကို ရောက်ခါနီးမှာ တခုခုကို ခလုတ်တိုက်ပြီး၊ (ဒါမှမဟုတ် ခြေချင်းလိမ်သွားတာလည်းဖြစ်နိုင်တယ်) ခွေခွေလေး လဲကျသွားတယ်။ သူအော်နေတဲ့ မုန့်ဖက်ထုပ်ဆိုတဲ့ အသံမဆုံးလိုက်ခင်မှာပဲ တောင်းနဲ့ ကလေးဟာ တခြားစီ ဖြစ်သွားတယ်။

ကောင်လေး လဲသံကြားတော့ အမေလုပ်တဲ့သူက ပြူးပြူးပျာပျာနဲ့သူ့ခေါင်းက ဈေးတောင်းကို ချလိုက်တယ်။ ပြီးတော့ ကလေးကို တခုခု မေးလိုက်ပုံပဲ။ ကလေးက ခေါင်းခါ ပြတော့ ခြေကျင်းဝတ်ကို ကိုင်ပြီး နည်းနည်းစီ ခါကြည့်နေတယ်။ ကလေးကတော့ ရှုံ့မဲ့လို့။ နောက်ထပ်ပြီး ခါလိုက်တော့ ကလေးက အတင်းရုန်းလိုက်တယ်။ အမေက ဆက်မခါတော့ဘူး။ သူ့ရဲ့ ခေါင်းခုဝတ်ကို ဖြည်ပြီး ကလေး ခြေထောက်ကို ပတ်ပေးလိုက်တယ်။ ကလေးကလည်း နောက်ကို လက်ထောက်ပြီး အမေလုပ်ပေးသမျှ ငြိမ်ကြည့်နေတယ်။ အမေလုပ်သူဟာ သူထပ်ဝတ်ထားတဲ့ အပေါ်အကျီကို ချွတ်လိုက် ပြီး ကောင်လေးတောင်းပေါ် က ပြုတ်ကျသွားတဲ့ မုန့်ဖက်ထုပ်တွေကို ကောက်ယူပြီး သုတ်လိုက်တယ်။ တစ်ခုပြီး တစ်ခု…။ သူမကို ကြည့်နေတဲ့သူ တစ်ယောက်ရှိတယ် လို့ အမေလုပ်သူက ထင်မှာ မဟုတ်ဘူး။

မုန့်တွေကိုသုတ် ပြီးတာနဲ့ သူမရဲ့ ဈေးတောင်းကြီးထဲကို အကုန်ထည့်လိုက်တယ်။ အဲဒီအ၀တ်ကို ခွေပြီးတော့ ခေါင်းခုဝတ်လုပ် လိုက်တယ်။ နောက် ဓါတ်တိုင်ကို မှေးပြီး ဈေးတောင်းကို ခေါင်းပေါ်ရောက်အောင် ပင့်တင်လိုက်တယ်။ ကောင်ကလေးကို လက်တစ်ဘက် ကမ်းပေးလိုက်တော့ ကလေးက ယိုင်နဲ့နဲ့ ထလာတယ်။ ဘာမှရှိပုံမရတော့တဲ့ သူ့တောင်းလေးကို ခေါင်းမှာ စွပ်လိုက်တယ်။ အမေလုပ်သူ ရယ်လိုက်ပုံပဲ။ ကလေးက တောင်းကို ချက်ခြင်းပြန်ဖယ်ပြီး လက်တစ်ဘက်ကနေ ကိုင်လိုက်တယ်။ နောက်လက်တစ်ဘက်ကတော့ သူ့အမေလက်ကို ကိုင်ပြီး ထောနဲ့နဲ့ နဲ့ စမ်းလျှောက်ကြည့်တယ်။

နောက်တော့…သူတို့ လာခါစတုန်းကလိုပဲ “ပြောင်းဖူးပြုတ် ပူပူလေး” “မုန့်ဖက်ထုပ် ပူပူလေး” ဆိုတဲ့ အသံ ၂ သံ ပြန်ထွက်လာတယ်။ နည်းနည်းချိုတဲ့ အသံရယ်၊ နည်းနည်း စူးတဲ့ အသံရယ်… ဘာမှ သိပ်မကွာသွားဘူးလို့ ဆိုရပေမယ့် အမေလုပ်တဲ့သူအသံဟာ ပိုပြီး လေးပင် သွားတယ်လို့ ထင်လိုက်ရတယ်။ ခေါင်းမှာ ပိုသွားတဲ့ အလေးချိန်ကြောင့်လား။ ဒါမှမဟုတ် ကလေးအတွက် ပူပန်လိုက်ရတဲ့ သောက ကြောင့်လား။ နှေးသွားတဲ့ ခြေလှမ်းဟာ ကလေးကို စောင့်ခေါ်နေရလို့ ဖြစ်နိုင်သလို အမေရဲ့ မချိတင်ကဲ ဝေဒနာကြောင့်လည်း ဖြစ်လိမ့်မယ်။ သူတို့သားအမိတတွေ ဘယ်အချိန် အိမ်ပြန်ရောက်မလဲ။ အိမ်ပြန်ရောက်တဲ့အခါ သူ့သားကလေးကို လိမ်းပေးဖို့ ဆေးပူပူလေး တစ်မျိုးလောက်ရှိနေပါ့မလား။ စောစောတုန်းက မြေပဲပြုတ်သည်ကြီးတုန်းကတွေးမိတာနဲ့ မတူတဲ့ အတွေးတွေ ခေါင်းထဲကို တရိပ်ရိပ်ချင်း ၀င်လာတယ်။ ဖြစ်ပေါ်လာတဲ့ ဝေဒနာကတော့ အတူတူပါပဲ။

ဈေးသည် သားအမိလည်း ဝေးဝေးသွားပြီ။ မီးကလည်း ပြန်မလာသေးဘူး။ ဘက်ထရီကလည်း ကုန်သွားပြီဆိုတော့ အိပ်ဖို့ပဲ ကျန်တော့တယ်။ ဒီနေ့ ညအတွက် ရေးမယ်ဆိုတဲ့ အကြောင်းအရာတွေကလည်း စိတ်ကူးထဲမှာပဲ စာစီပြီး ဆက်သိမ်းထားလိုက် တော့တယ်။ တနေ့နေ့မှာ လိုင်းကားစီးရတဲ့ ၀ဋ်ဒုက္ခ အကြောင်း ကို မြင်သာထင်သာဖြစ်အောင် ကျွန်မရေးဖြစ်ချင် ရေးဖြစ်မှာပါ။ ဘကြီးရဲ့ ပုံပန်းသွင်ပြင်ကို ပုံဖော်ပြီးလည်း ရသမြောက်တဲ့ စာစုကို ဖန်တီးချင် ဖန်တီးဦးမှာပါ။ အဲဒါတွေထက် ကျွန်မသာ ပန်းချီ ဆွဲတတ်မယ်ဆိုရင်တော့ ချမရေးဖြစ်တဲ့ ဘ၀ ၂ ခု အကြောင်းကို ကင်းဗတ်စ အဖြူပေါ်မှာ မဖြစ်မနေ ကို ကောက်ကြောင်းဖော်မိဦးမှာပါ။ အဖြူ၊ အနက် ၂ ရောင်ပဲ သုံးမယ့် အဲဒီပန်းချီကားနာမည်ကိုလည်း သိပ်ပြီးတော့ မဆန်းတဲ့ နာမည်ပဲ ပေးလိုက်မယ်။

“ လှုပ်ခတ်နေသောကုန်ကြမ်း” လို့။

 

နှင်းနုလွင်

26၊ 11၊ 2011

 

33 views

Nov
22

Zinc

 

လူသိနည်းသော သူတို့အကြောင်းများ

(၃)

Zinc

 

ဇင့်ဆိုတာ…။

ကျွန်မတို့ ပုံမှန်စားသောက်နေတဲ့အစားအစာတွေထဲမှာ ဇင့်ပါတယ်၊ မပါဘူးဆိုတာကို ဂရုတစိုက်ရှိတဲ့သူဟာ နည်းပါတယ်။ အသားတွေကို စားကြတယ်။ အရွက်တွေကို စားကြပါတယ်။ အဲဒီအထဲမှာ ဇင့်ပါသလား၊ မပါဘူးလား၊ သူက ဘယ်လို အလုပ်တွေကို လုပ်ပေးတာလဲဆိုတာကို တိတိကျကျ သိတဲ့သူဟာ တကယ့်ကို နည်းပါတယ်။ တကယ်တော့ ဇင့်ဟာ တခြား ဗီတာမင်တွေ၊ သတ္တုဓါတ်တွေလိုပဲ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တမျိုးဖြစ်ပြီး တချို့အစားအစာတွေမှာ သဘာဝအတိုင်း ပါရှိတတ်ပါတယ်။ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ်ရပ်တည်မှုအတွက် ထောက်ပံ့ ပေးနေတဲ့ အဓိက အဖွဲ့အစည်းထဲမှာ ဇင့်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။

ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေ ပုံမှန်လည်ပတ်ဖို့ အလုပ်လုပ်ပေးနေတဲ့ ချေဖျက် အင်ဇိုင်း ၁၀ဝ ရဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ ကိုယ်ခံ စွမ်းအားအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ ပိုကောင်းစေဖို့၊ ပရိုတင်းတွေကို ထုတ်လုပ်ဖို့၊ အနာကျက်စေဖို့၊ ဗီဇအမျှင်တွေ ထုတ်လုပ်ဖို့၊ ဆဲလ်ကွဲပွားဖို့ အတွက်လည်း အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်သည်၊ ဖွံ့ဖြိုးကြီးထွားခါစများ၊ အရွယ်ရောက်ပြီးတဲ့သူတွေမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ကို အထောက်အကူ ပေးပါတယ်။ ဒါ့အပြင်အနံ့၊ အရသာကို ခံစားနိုင်တဲ့ အာရုံတွေအတွက်လည်း ဇင့်ကို လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ကို သိုလှောင်သိမ်းဆည်းထားဖို့ သတ်သတ်မှတ်မှတ် အဖွဲ့အစည်းမရှိတာကြောင့်သူ့ကို နေ့တိုင်းစားပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်အတွက် ဇင့်အပါအဝင် တခြား အာဟာရဓါတ်တွေကို ဘယ်လို အချိုးအစားနဲ့ စားသုံးရမလဲ ဆိုတာကို သတ်မှတ်ချက်ရှိပါတယ်။ ယောကျာ်း၊ မိန်းမ၊ အသက်အရွယ်၊ ကျန်းမာရေးလိုအပ်မှုတွေ အရ စားသုံးပေးရမယ့် ပမာဏတွေဟာ ကွာခြားမှုတွေ ရှိနေတတ်ပါတယ်။ ပုံမှန်ဆိုရင်တော့ လူတိုင်းလိုလို (၉၇ – ၉၈ %)မှာ ဇင့်ဟာ ပုံမှန် ရှိနေတတ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဇင့်ကို ကရုကမာတွေ၊ ခရုတွေ၊ ဂုံးတွေမှာ သူ့ကို ပေါပေါများများတွေ့ရပါတယ်။ ဒါပေမယ့် နီရဲတဲ့အသားတွေ၊ အဆီ၊ အရေခွံမပါတဲ့ အသားတွေမှာ ဇငု့်က အများဆုံးပါတယ်လို့ ဆိုကြပါတယ်။ ပဲ၊ အခွံမာသီးတွေ၊ ပင်လယ်စာ တချို့၊ ကောက်ပဲသီးနှံ၊ နို့နဲ့ နို့ထွက် အစားအစာတွေဆီမှာလည်း ဇင့်ကို တွေ့ရပါတယ်။ ဒါပေမယ့် ကောက်ပဲသီးနှံတွေမှာပါတဲ့  Phytates က ဇင့်ကိုပေါင်းကာ စုပ်ယူမှုကို ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ဇင့်ဟာ အစားအစာ တော်တော်များများကနေ ရတယ် ဆိုပေမယ့် အပင်အနှံကရတဲ့ ဇင့်ဟာ အသားတွေက ရတာ လောက်တော့  အလုပ် မလုပ်နိုင်ပါဘူး။

အဲဒီလိုမျိုးအစားအသောက်တွေကနေရတာနဲ့ မလုံလောက်တော့လို့ ထပ်မံဖြည့်စွက်ရတော့မယ်ဆိုရင်လည်း လိုအပ်တဲ့  ဇင့်ဓါတ်တွေကို Zinc gluconate, Zinc sulfate, Zinc acetate စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝယ်လို့ရနိုင်ပါတယ်။ အဲ့ဒီမှာ သူတို့ကို ထုတ်လုပ်ထားတဲ့ ပုံစံကို လိုက်ပြီး ပါဝင်မှု အချိုးအစားတွေ က ပြောင်းလဲသွားပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Zinc sulfate ပုံစံနဲ့ ထုတ်လုပ်ထားရင် ဇင့်ပါဝင်မှုက ၂၃ ရာခိုင်နှုန်းရှိတာကြောင့် ၂၂၀ မီလီဂရမ်ရှိတဲ့ Zinc sulfate မှာ ဇင့်က ၅၀ မီလီဂရမ်လောက်အထိ ပါဝင်တတ်ပါတယ်။ ဇင့်ကို အအေးမိတာကို သက်သာစေတဲ့ဆေးတွေ၊ တခြားအားဆေးတွေမှာပါ ထည့်သုံး ကြပါတယ်။ ငုံဆေးများ၊ ဂျယ်လီ၊ နှာခေါင်းအတွင်း ဖျန်းဆေးတွေအနေနဲ့လည်း သုံးစွဲကြပါတယ်။ ဒါပေမယ့် ဇင့်ပါဝင်တဲ့ နှာခေါင်းတွင်းဖျန်းဆေးရည်တွေကို အသုံးပြုတာ များသွားရင်တော့ အနံ့ကို အာရုံခံနိုင်တဲ့အစွမ်းလျော့ကျသွားတတ်တာကြောင့် သူတို့ကို ဖျန်းဆေးအနေနဲ့ အသုံးပြုတာကို ဟန့်တားကြပါတယ်။ ကျန်းမာရေးအခြေအနေတချို့ကြောင့်ကလွဲရင် ကျွန်မတို့အနားပတ်ဝန်းကျင်မှာ ဇင့်ဓါတ်ချို့တဲ့တယ်ဆိုတာဟာ အတော်ကို ဖြစ်ခဲပါတယ်။

(က) ဇင့်ဓါတ်ချို့တဲ့နိုင်သူများ

အစာအိမ်နှင့် အူလမ်းကြောင်းအပါအဝင် တခြားရောဂါ ရှိနေသူများ

အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ထားတဲ့သူတွေ၊ အူမရောင်ရမ်းပြီး အနာဖြစ်နေတဲ့သူတွေ၊ အူနဲ့ ပတ်သက်တဲ့ တခြားရောဂါရှိတဲ့သူတွေမှာ ဇင့်ဟာ ချို့တဲ့နေ တတ်ပါတယ်။ ဒီလိုရောဂါတွေဟာ ဇင့်စုပ်ယူမှုကို နည်းသွားစေသလို အူလမ်းကြောင်းကနေလည်း ဇင့်ကို ဆုံးရှုံးသွားစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကနေလည်း အပြင်ကို စွန့်ထုတ်ပစ်တတ်တာကြောင့် သတိထားရပါသေးတယ်။ အစာအာဟာရကို ကောင်းစွာ မစုပ်ယူနိုင်တဲ့ ရောဂါရှိသူ၊ နာတာရှည် အသည်းရောဂါ၊ သွေးဆဲလ်နဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ အပါအဝင် နာတာရှည် ရောဂါခံစားနေရတဲ့သူတွေမှာ ဇင့်ဓါတ်ချို့တဲ့မှုကို တွေ့နိုင်ပါတယ်။ ကြာရှည် ဝမ်းပျက်နေတဲ့သူတွေမှာလည်း ဇင့်ဓါတ်ချို့တဲ့ဖို့ အခွင့်အလမ်းတွေ များနေပါတယ်။

သက်သက်လွတ်စားသူများ

အသီးအရွက်ကရတဲ့ ဇင့်ရဲ့ အလုပ်လုပ်နိုင်တဲ့အာနိသင်ဟာ အသားပါတဲ့ အစားအစာတွေကရတဲ့ ဇင့်ထက် နည်းနေပါတယ်။ အသားဓါတ်မှာ အလုပ်မြန်မြန်လုပ်နိုင်တဲ့ ဇင့်ဓါတ်ပါဝင်မှု များပြီး ခန္ဓာကိုယ်ကနေ စုပ်ယူမှုလည်း များပါတယ်။ ဒါ့အပြင် သက်သက်လွတ်စားတဲ့သူတွေဟာ ကောက်ပဲသီးနှံတွေကို အစားများပါတယ်။ အဲဒီ အစားအသောက် တွေထဲမှာ ပါဝင်တဲ့ Phytates ဟာ ဇင့်ကို သွားပြီးတော့ ပေါင်းကာ စုပ်ယူမှုကို အဟန့်အတားဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သက်သက်လွတ် စားတဲ့သူတွေဟာ တခြားသူတွေထက် ဇင့်ကို ၅၀ ရာခိုင်နှုန်းလောက်ကို ပိုပြီး လိုအပ်နေတတ်ပါတယ်။ Phytates ကြောင့်ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ဇင့်ဆုံးရှုံးမှုကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ ပဲ၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကို မချက်ပြုတ်ခင် နာရီပေါင်းများစွာ စိမ်ထားဖို့ လိုအပ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်မိခင်

အရင်တည်းက ဇင့်ဓါတ်နည်းနည်းသာရှိနေတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဇင့်ဓါတ်ချို့တဲ့မှု က ပိုသိသာလာပါတယ်။ သန္ဓေသားရဲ့ ဖွံ့ဖြိုး တိုးတက်မှုအလိုက် ဇင့်ကို လိုအပ်နေတာကြောင့် မိခင်လောင်းတွေဟာ ဇင့်ကို များများစားပေးဖို့လိုပါတယ်။ ဒီလိုပါပဲ၊ နို့တိုက်မိခင်တွေမှာလည်း သိုလှောင်ထားတဲ့ ဇင့်တွေကို ထုတ်ယူ သုံးစွဲရတာကြောင့် တခြား အမျိုးသမီးတွေထက်စာရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ ဇင့်ကို ပိုပြီး စားသုံးပေးရပါတယ်။

 

နို့ဖြတ်လိုက်သော ကလေးများ

ကလေးအတွက် လုံလောက်တဲ့ ဇင့်ဓါတ်ကို ကလေးအသက် ၄-၆ လ လောက်အထိ မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက် ၇ – ၁၂ လ အရွယ်ရောက် ရင်တော့ မိခင်နို့တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကလေးတွေ တနေ့တာ လိုအပ်နေတဲ့ ၂ မီလီဂရမ်ကို မိခင်နို့က မပေးနိုင်တော့ပါဘူး။ ဒါကြောင့် နို့တိုက် တာအပြင် ကလေးတွေကို ကျွေးနေတဲ့ ဖြည့်စွက်အာဟာရတွေထဲမှာ ဇင့်ဓါတ်ပါတာတွေကို ထည့်ကျွေးဖို့ လိုပါတယ်။ ဖြည့်စွက် ဇင့်ဟာ ကလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အားပေးတာကြောင့် ကြီးထွားဖို့ လိုအပ်နေတဲ့ကလေးတွေမှာပါ အသုံးပြု ပေးသင့်ပါတယ်။

အရက်သောက်သူများ

အရက်သောက်သူတွေထဲမှာ ၃၀ – ၅၀ ရာခိုင်နှုန်းဟာ ဇင့်ဓါတ်ချို့တဲ့နေတတ်ပါတယ်။ အရက် ဒါမှမဟုတ် အရက်ပါဝင်တဲ့ အဖျော်ယမကာတွေမှာပါဝင်တဲ့ Ethanol ဟာ အူလမ်းကြောင်းကနေ ဇင့်စုပ်ယူမှုကို နည်းစေပြီး ဆီးလမ်း ကြောင်းကနေ အပြင်ကို ထွက်သွားတာကိုတော့ များစေပါတယ်။ တခြား အာဟာရ စုပ်ယူမှုတွေ ကိုလည်း နည်းပါးစေတာ ကြောင့် ဇင့်အပါအဝင် အာဟာရဓါတ်တော်တော်များများ ချို့တဲ့နေတတ်ပါတယ်။

 

(ခ) ဇင့်နှင့် ကျန်းမာရေး

ခန္ဓာကိုယ်ကို ကာကွယ်သော လုပ်ဆောင်မှုများ

ဇင့်ပမာဏနည်းနည်းလေးပဲ ချို့တဲ့ နေတဲ့သူတွေမှာတောင် ဝင်ရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ် ပေးမယ့် သွေးဖြူဥတွေရဲ့ လုပ်ဆောင်မှု ဟာ လျော့ပါးနေတတ်ပါတယ်။ သွေးဖြူဆဲလ်တွေထဲက ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အလုပ်လုပ်ပေးမယ့်  T-lymphocytes    တွေဖြစ်ပေါ်ဖို့၊ အလုပ် လုပ်အောင် လှုံ့ဆော်ပေးဖို့အတွက် ဇင့်ကို လိုအပ်နေပါတယ်။ ဇင့်နည်းနေတဲ့အချိန်မှာ ဒီလို လုပ်ဆောင်မှုတွေဟာ ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကိုယ်ခံ စွမ်းအားကို ပြန်လည် ထိန်းထားဖို့အတွက်ဆိုရင် ဇင့်ကို ထပ်မံဖြည့်စွက်ပေးဖို့ လိုအပ်နေပါတယ်။ ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေ ကူးစက်ရောဂါ ခံစားနေရတဲ့ အချိန်တွေ၊ အဆုတ်ရောင် အဆုတ်ပွတာတွေကို ခံစားနေရတဲ့အချိန်မှာ ရင် ဇင့်ကို မဖြစ်မနေအရေးပါတဲ့ အာဟာရပါပဲ။

အနာကျက်စေခြင်း

ဇင့်ဟာ အရေပြားတွေ၊ အကျိလွှာတွေရဲ့ တည်မြဲမှုကို ထိန်းထားနိုင်ပါတယ်။ ခြေထောက်မှာ နာတာရှည် အနာ ရှိနေတဲ့သူတွေမှာဆိုရင် ဇင့်ရဲ့ ဇီဝဖြစ်ပျက်မှုဟာ ပုံမှန် မဟုတ်တော့ဘဲ သွေးထဲမှာလည်း ဇင့်ပမာဏက လျော့ကျနေပါတယ်။ ဒါကြောင့် အရေပြားနဲ့ပတ်သက်တဲ့ဝေဒနာခံစားနေရတဲ့သူတွေဟာ ဇင့်ပါတာတွေ ကို ဖြည့်စွက်စားပေးရပါတယ်။ ဇင့် ပုံစံ အမျိုးမျိုးရှိတဲ့ အထဲက Zinc sulfate က အနာကျက်စေတဲ့နေရာမှာ ပိုပြီးတော့ အသုံးဝင်တယ်လို့ ဆိုကြပါတယ်။

ဝမ်းလျှောခြင်း

ကလေးတွေ ရုတ်တရက် အသက်သေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာ ရုတ်တရက် ဝမ်းလျှောခြင်းလည်း ပါဝင်ပါတယ်။ ဇင့်ချို့တဲ့မှုဟာ ကိုယ်ခံစွမ်းအားရဲ့ တုံ့ပြန်မှုကိုပြောင်းလဲမှုဖြစ်စေကာ ဝမ်းလျှောတာလိုမျိုး ကူးစက် ရောဂါတွေကို အလွယ်တကူခံစားရစေပါတယ်။ ဇင့်ဟာ ဝမ်းသွားတဲ့ ကာလနဲ့  ပြင်းအားကိုပါ လျော့ ချပေးနိုင်တာကြောင့် ကလေးတွေမှာ ဝမ်းလျှောတာကို ကာကွယ်ဖို့အတွက်သာမက ကုသဖို့အတွက်ပါ သုံးစွဲကြပါတယ်။

အအေးမိခြင်း

ဇင့်ဟာ အအေးမိတဲ့ လက္ခဏာတွေကို သက်သာစေသလို အအေးမိဝေဒနာခံစားရမှုကိုလည်း လျော့ပါး စေပါတယ်။ ဗိုင်းရပ်တွေလာရောက်တွယ်ကပ်တာတွေ၊ မျိုးပွားတာတွေကို တိုက်ရိုက်ဟန့်တားပေးကာ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ဇင့်နဲ့ပတ်သက်ပြီး အမျိုးမျိုးပြောနေကြပေမယ့် သူဟာ တချို့ အခြေအနေတွေအတွက် အတော့ကို အသုံးတည့်နေပါတယ်။ လည်ချောင်းနာတာ၊ ပါးစပ်နာတာမျိုးအတွက်လည်း ဇင့်က ကူညီပေးနိုင်ပါတယ်။ သူ့ကို ငုံဆေးပြား အနေနဲ့သုံးစွဲရင် ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ြွကက်သားနာကျင်ခြင်းတို့လိုမျိုး အအေးမိတဲ့ လက္ခဏာတွေပါ လျော့ပါးသွားပါတယ်။

အသက်အရွယ်ကြောင့် အမြင်အာရုံ ပျက်စီးခြင်း

ဇင့်နဲ့တခြား ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ အသက်အရွယ်နဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ macular ပျက်စီးတာ၊ မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးတာ ကို လျော့နည်းစေပြီး အမြင်အာရုံ ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။ Beta carotene, vitamin C, and vitamin E တို့နဲ့အတူ ဇင့်ကို ဖြည့်စွက်စားပေးတာဟာ မျက်စိမှုန်တဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ ဇင့်ဟာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ပြသနာတွေကို အပြီးတိုင် မပျောက်ကင်းနိုင်စေပေမယ့် ဆက်ဆိုး လာတာကိုတော့ လျော့ချပေးနိုင်ပါတယ်။

 

(ဂ) ဇင့်ဓါတ်ချို့တဲ့ခြင်း နှင့် လွန်ကဲခြင်း

ဇင့်ချို့တဲ့နေတဲ့ အချိန်မှာ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးသွားတာ၊ အစားစားချင်စိတ် လျော့ပါးသွားတာ၊ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကြီးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းလျှောလွယ်ခြင်း၊ ပန်းသေ ပန်းညှိုးခြင်း၊ အမျိုးသားတွေမှာ လိင်စိတ် နည်းပါးသွားခြင်း၊ မျက်လုံး၊ အရေပြားတွေမှာ အနာဖြစ်ခြင်းကို တွေ့ကြုံရ တတ်ပါတယ်။ တချို့သူတွေမှာကျတော့ ကိုယ်အလေးချိန်ကျလာခြင်း၊ အနာကျက်နှေးလာခြင်း၊ အရသာ ခံနိုင်စွမ်း လျော့နည်းလာခြင်း၊ ဥာဏ်ရည်ဥာဏ်သွေးထိုင်းမှိုင်းလာခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

ဒီလို လက္ခဏာတွေဟာ အကြောင်းအရာ တိတိကျကျ မရှိဘဲနဲ့ ပေါ်ပေါက်လာပြီး တခြား ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့လည်း ဆက်စပ်နေပါသေးတယ်။ ဒါကြောင့် အပေါ်က လက္ခဏာတွေ ပြလာတဲ့အချိန်မှာ တခြား ရောဂါ တမျိုးမျိုးကြောင့်လား၊ ဇင့် ချို့တဲ့မှုကြောင့်လား ဆိုတာကို သေသေချာချာ ရောဂါရှာဖွေဖို့ လိုအပ်ပါတယ်။ ဇင့်ဓါတ် ဖြည့်စွက်ပေးဖို့ လိုအပ်လားဆိုတဲ့အခြေအနေကို တိုင်းတာတဲ့နေရာမှာ ချို့တဲ့မှု ဖြစ်စေတဲ့ အကြောင်းအရာတွေ ဥပမာ အစာအာဟာရ လုံလုံလောက်လောက် မစားတာ၊ အရက်သောက်တာ၊ အစာချေဖျက်မှုနဲ့ ဆိုင်တဲ့ ပြဿနာရှိတာတွေကို ထည့်တွက်ဖို့ လိုအပ်သလို ကလေးတွမှာ ဖွံ့ဖြိုးကြီးထွားမှု နှေးနေတဲ့ အခြေအနေတွေ ကိုပါ ထည့်စဉ်းစားရပါတယ်။

ဇင့်တွေ များသွားတဲ့အတွက်ကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်ဟာ ရုတ်တရက်ပေါ်ပေါက်လာနိုင်သလို အချိန်ကာလ ကြာမြင့်တဲ့ အချိန်မှာ လည်း ပေါ်ပေါက် တတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုအချိန်မှာ  ပျို့အန်ခြင်း၊ အစား စားလိုစိတ် လျော့နည်းသွားခြင်း၊ ဝမ်းဗိုက်ြွကက် တက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ တချို့သူတွေမှာ ကျတော့ ဇင့်ပမာဏအများကြီးကို သုံးပြီးလို့ မိနစ် ၃၀ အတွင်းမှာပဲ ပြင်းပြင်းထန်ထန်အန်တတ်ပါတယ်။  သံဓါတ် စုပ်ယူမှု ပြောင်းလဲသွားခြင်း၊ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ နည်းသွားခြင်း၊ ခန္ဓာကိုယ်ကို အထောက်အကူ ပြုပေးတဲ့အဆီဓါတ်တွေ  high-density lipoproteins  လျော့နည်းသွားခြင်းတို့ကိုခံစားရတတ်ပါတယ်။

(င)        ဓါတ်ပြုမှုများ

ကျွန်မတို့တွေဟာ ဇင့်အပါဝင် ဖြည့်စွက်အားဆေးတွေကို တခြားဆေးတွေနဲ့ ဓါတ်မပြုနိုင်ကြဘူးလို့ ထင်မှတ် ထားကြပြီး အဆင်ပြေသလိုသာ သောက်တတ်ကြ ပါ တယ်။ တကယ်တော့ ဇင့်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေဟာ တခြား ဆေးတွေလိုပဲ အပြန်အလှန်ဓါတ်ပြုမှုတွေ ရှိနေတတ်ပါတယ်။

Antibiotics ပဋီဇီဝ ပိုးသတ်ဆေးများ

Ciprofloxacin လိုမျိုး quinolone antibiotics  အုပ်စုဝင်ပိုးသတ်ဆေးတွေ၊ Tetracycline တို့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဇင့်နဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒီဓါတ်ပြုမှုတွေကြောင့် ဇင့်ရော၊ ပိုးသတ်ဆေးရော ၂ ခုစလုံးရဲ့ စုပ်ယူမှုဟာ လျော့နည်းသွားပါတယ်။ ဒီပြဿနာကို လျော့ချဖို့အတွက် အကောင်းဆုံးအဖြေကတော့ ဇင့်သောက်ပြီးလို့ ၄-၆ နာရီ၊ ဇင့်မသောက်ခင် ၂ နာရီလောက် ခွာပြီးတော့သာ ပိုးသတ်ဆေးကို သောက်သင့်ပါတယ်။

 

Penicillamine

ဇင့်ဟာ လေးဘက်နာကြောင့် အဆစ်အမြစ်တွေ ရောင်ကိုက်တာကို ကုသဖို့အတွက် သုံးစွဲတဲ့ ဒီဆေးရဲ့ စုပ်ယူမှုနဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒီလို ဓါတ်ပြုမှု ကိုလျော့ချနိုင်ဖို့အတွက်ဆိုရင် Penicillamine မသောက်ခင် ဒါမှမဟုတ် သောက်ပြီးလို့ ၂ နာရီလောက်ကြာတော့မှသာ ဇင့်ပါတဲ့ဆေး ကို သောက်သင့်ပါတယ်။

ဆီးဆေးများ

Chlorthalidone, Hydrochlorothiazide တို့လို ဆီးဆေးတွေနဲ့ တွဲသောက်တဲ့အခါမှာ ဇင့်ကို ပိုပြီး ဆုံးရှုံးနိုင်ပါတယ်။ ဒီဆေးတွေဟာ ဇင့်ကို ဆီးထဲကနေ အပြင်ကို ထွက်သွားစေတာကြောင့် ပုံမှန်စွန့်ပစ်နေကြ ပမာဏထက် ၆၀ ရာခိုင်နှုန်းလောက် ပိုပြီး ဆုံးရှုံးသွားပါ Thiazide diuretics လိုဆေးမျိုးကို ကြာရှည်စွဲ သုံးရင်တော့ တစ်သျှူးထဲက ဇင့်တွေ ကုန်ဆုံးသွားပါတယ်။

ကျွန်မတို့အရေးတယူ မလုပ်မိတတ်တဲ့ ဇင့်ဟာ ကျွန်မတို့အတွက် ပြောင်းလဲမှုအမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်။ တည်ဆောင်မှုတွေအတွက် အရေးပါသလို ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုလည်း ဆက်လက်ထိန်းထားဖို့အတွက်လည်း မရှိမဖြစ်ပါပဲ။ ဇင့်ကို ဖြည့်စွက်အားဆေးတွေအနေနဲ့ စားသောက်တာဟာ  သူတို့ကို လိုအပ်နေတဲ့ သီးသန့်အခြေအနေတွေအတွက် အကျိုးပြုနိုင်ပေမယ့် အစားအသောက်ကနေ အဓိက ရယူနိုင်အောင် ကျွန်မတို့ ကြိုးစားသင့်ပါတယ်။  အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ၊ အဆီနည်းတဲ့ နို့ နဲ့ နို့ထွက် အစားအစာတွေကို စားသောက်ပေးမယ်၊ အဆီနဲ့ အရေခွံမပါတဲ့ ဘဲသား၊ ကြက်သား၊ နီရဲသော အသားများ၊ ငါး၊ အခွံမာသီးများ၊ ဥများကို စားပေးမယ်၊ ဇင့်ပါဝင်မှု မရှိတဲ့ ပြည့်ဝဆီ၊ ပြန်ကြော်ဆီတွေကို အတတ်နိုင်ဆုံး ရှောင်မယ်ဆိုရင် ဇင့်ဟာ ကျွန်မတို့ကို လှပကျန်းမာသော အရေပြားနဲ့ ရောဂါကင်းရှင်းတဲ့ ခန္ဓာကိုယ်ကို ဆက်လက်ထိန်းထားနိုင်မှာ မလွဲပါပဲ။

 

Health For All

စက်တင်ဘာ၊ 2011

37 views

« 1 ... 7 8 9 10 11 12 13 14 15 16 17 ... 73 »

Older posts «

» Newer posts

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder