Feb
06

ကျောင်းလွယ်အိတ်ထဲက .. ဆွေ

အိပ်ရာဝင်အိပ်ရာထ၊ နင်ချမ်းမြေ့ပါစေဆိုတဲ့ အတွေးနဲ့
တမေ့တမော မျက်နှာသစ်ဖူးသူတစ်ယောက်အကြောင်းက
ဒီလိုလေး….ဆွေ။

နင့်ကျောင်းစာအုပ်ထဲက လက်ရေးဝိုင်းဝိုင်းလေး
ငါ့ပါးထက်က သနပ်ခါးပါးကွက်လေးများဖြစ်လာလေမလားရယ်လို့
မျှော်လင့်ချက်ရေးရေးလေးနဲ့ သောင်ပြင်မှာ ဆေးခြယ်ခဲ့ဘူးတယ်။

 
ငါဟာလေ
နင့်ကောင်းကင်မှာ သက်တံလို ဝေလိုက်
ကြယ်စင်လိုကြွေလိုက်နဲ့
နင်ပေးတဲ့ မကြင်နာတရားတွေ
ငါ့အိမ်မက်ထဲကို တအိအိနဲ့ ပြိုကျနေတယ်။

နင့်အနာဂတ်ကို နေအကျ
ငါ့နက္ခတ်နဲ့ ခဏလေး ကာထားပေးပါရစေ။
ဂန္တဝင်မမြောက်လည်း ဘာအရေးလဲ
ဆန္ဒတစ်ခုရဲ့ အနာဂတ်ပဲလေ။
နင်ခူးခူး၊ မခူးခူး
ငါရူးဖူးတဲ့ စံပယ်တခင်းဟာ
နင်စွန့်ကြဲရာ အမှတ်တမဲ့တွေနဲ့ ရှင်သန်ဆဲပါလေ။

နင့်သံယောဇဉ်အထူအပါးမှာ
ငါ့ဟာ သစ်ရွက်ဖြစ်လိုက် ငှက်ဖြစ်လိုက်နဲ့
ကြိုးရှည်ရှည်နဲ့အလှန်ခံရတာခြင်းတူမှတော့
နင်လွှတ်တင်ထားတဲ့ စွန်တစ်ခုတော့ ဖြစ်ခွင့်ရချင်တယ်..ဆွေ။

နင့်မျက်ဝန်း အပင့်…..အတင်မှာ
ငါ့ဟာ ရုပ်ရှင်၊ ရုပ်သေ
နင်မစေခင်က ငါကဒူးထောက်ချင်သူမို့
နင့်နှုတ်ခမ်းရဲ့ အစွန့်အဖျားအမိန့်ကို
ပီပီသသ နာခံပါရစေ..ဆွေ။

ဆွေ…..
ဆွေရယ်…..

ဒီအပင်စိုက်လို့
ဒီအရိပ်လောက်ပဲနားခွင့်ရှိတော့လည်း
ဟိုသီချင်းထဲကလို
“အဖြူရောင်လေး” ပဲပေါ့….ဆွေ။

နင်ကြင်ကြင်နာနာကမ်းလာမယ့်
မိတ်ဆွေဖြစ်စာတမ်းဟာ
ရင်ခုန်သံအရိုင်းအစိုင်းလေးကို
ဆုံးတနေ့အထိ နွေးနွေးထွေးထွေးရှိနေနိုင်စေ။
အဲဒီလို အာမခံပေးနိုင်မလား ဆွေ။
ပိတောက်ကြွေတဲ့ရာသီ
ချယ်ရီဝေးတဲ့ဆောင်း
ငါ့နွေမှာတော့ နှင်းပျောက်ပြီ…….ဆွေ။
ဧရာဝတီရေကြီးသည်
ဆွေ့ကိုလွမ်းသည်။

ရန်ကုန်မိုးခေါင်သည်
ဆွေ…နေကောင်းပါစေ။

နင်တို့ခြံထောင့်က ဇွန်ပန်းရုံလေး
သည်းသည်းလှုပ်အောင်ဖွေးသလို
နင့်ကောင်းခြင်းတွေ အစဉ်သဖြင့်မွှေးပျံပါစေ။

ကမ္ဘာကြီး ပူနွေးလာပြီ
ဆွေတစ်ယောက် အေးချမ်းပါစေ။

ရေခဲမှတ်အောက် အနှုတ် ၂ဝ
အဝေးက ဆွေ ..နွေးနွေးထွေးထွေးရှိပါစေ။

ရာသီစာ ..တုတ်ကွေး
အနွေးထည်ဝတ်ဖို့ သတိရပါစေ။

ဆွေ…
ဆွေ…
ငါ့ဆွေ..

ဆွေရေ
အဖြူအစိမ်းရာသီတွေ လန်းလန်းဆန်းဆန်း
စိန်းပန်းနီနီတွေ တသုတ်ပြီးတသုတ်အကြွေ
မရွယ်ဘဲစုဖြစ်ခဲ့တဲ့ အပြုံးနုနုတွေ အကြောင်းကတော့
အစဉ်အမြဲသစ်လွင်ဆဲပဲ…ဆွေ။

နှင်းနုလွင်
(၃၁၊ ၁၀၊ ၂၀၁၀)

30 views

Jan
31

“ဘားပလက်များနဲ့ ဆောက်တဲ့ရွာ”

ဘားပလက်ဆိုတဲ့ နာမည်ကို ဇွဲက လူနာမည် အဖြစ်နဲ့ စပြီး သိမှတ်ခဲ့ရတယ်။ အဲ့ဒီတုန်းက ဇွဲက ၅ နှစ်အရွယ် ကလေးငယ်လေး။ ဇွဲတို့ခပ်ငယ်ငယ်က နေခဲ့ရတဲ့ ရပ်ကွက်လေးထဲက ကောင်လေးတစ်ယောက်ရဲ့ နာမည်က ဘားပလက်တဲ့။ ကြားဖူးနေကြ နာမည်မဟုတ်တော့ အဲ့ဒီကောင်ကလေးကို မေးကြည့်ဖူးတယ်။ ဒီတုန်းက ကောင်လေးက သူရဲ့ လက်သီးဆုပ် သေးသေးလေးကို ဆုပ်ပြရင်းနဲ့ “ငါဒီလို အားရှိနေတာ ဘားပလက်ကြောင့်တဲ့။ အဲ့ဒါကြောင့် ငါ့ကို ဘားပလက်လို့ ခေါ်တာလို့ပဲ သူကို ပြောပြဖူးတယ်။

အဖေ့ကို မေးကြည့်တော့ ခုနက ကောင်လေး ပြောတာထက်ပိုတိကျတဲ့ အဖြေကို ရခဲ့တယ်။ ကောင်လေး ငယ်ငယ်က ခဏခဏ နေမကောင်း ဖြစ်တယ်တဲ့။ ပါးစပ်မှာလည်း အနာတွေပေါက်တတ်တယ်တဲ့။ အဲဒါနဲ့ ကျန်းမာရေးမှူးက ကောင်လေးအတွက် ဘားပလက်ဆေးရည် သောက်ဖို့ ညွှန်ကြားတယ်။ အဲ့ဒီဆေး ကို သောက်ပြီးတဲ့အချိန်တည်းက ကောင်လေးဟာ အရင်ကလို ခဏခဏ မဖျားတော့ဘူး။ အနာတွေလည်း မပေါက်တော့ဘူး။ ဆေးရည်ကို မတိုက်နိုင်တဲ့အခါကျရင် သူ့အိမ်က ဆေးလုံးလေးတစ်လုံးလောက်ကို ကြိတ်ပြီးတိုက်တယ်တဲ့။ ဆေးလုံးဟာ အရည်ထက် ပိုပြီး အနံ့စူးပေမယ့်လည်း ကောင်လေးဟာ အဲ့ဒါကို သောက်တယ်တဲ့။ အဲ့ဒါနဲ့ပဲ သူ့နာမည်ရင်းက ပျောက်ပြီး ဘားပလက်ဆိုတာ ဖြစ်လာတယ် တဲ့။ ကောင်လေးကလည်း သူ့ကို ဘားပလက်လို့ခေါ်တာကိုပဲ နှစ်သက်လာတယ်တဲ့။ ဒါနဲ့ပဲ ရက်တစ်ရာပြည့်မှာ အုန်းထမင်းကျွေးပြီး ပေးခဲ့ရတဲ့ နာမည်အရင်း ပျောက်သွားပြီး ဘားပလက် ဆိုတာ ဖြစ်လာခဲ့တယ်။

ဇွဲတို့ လူကြီးတွေဖြစ်လာတဲ့ အချိန်မှာတော့ ဘားပလက်နဲ့ ပြန်မဆုံဖြစ်တော့။ ကိုယ့်အလုပ်နဲ့ကိုယ် အမြဲလိုလို မအားလပ်ဖြစ်နေတဲ့သူဆိုတော့ ငယ်ငယ်က အတူဆော့ခဲ့တဲ့ ဘားပလက်ဆိုတာကို မေ့လျော့နေမိတယ်။ ရေကြည်ရာ မြက်နုရာ ရှာဖွေလှည့်ပတ်ရင်းနဲ့ ဘားပလက်တစ်ယောက် မြေလတ်မြို့ကလေးတစ်မြို့မှာ အိမ်ထောင်ကျနေတယ်ဆိုတော့ သတင်းကိုတော့ ကြားလိုက်ရတယ်။ “နင့်မှာ ကလေးတွေရှိလာရင် ဘာအမျိုးအနွယ်စုဖြစ်အောင် ဘာမီတွန်လို့ ပေး” လို့ ကျောင်းတုန်းက သူငယ်ချင်းတွေဝိုင်းပြီ စခဲ့ကြတာကို သတိရတော့ ဇွဲရဲ့နှုတ်ခမ်းတွေ တကယ်ပဲ ပြုံးယောင်သမ်းခဲ့တယ်။ တချိန်ချိန်တော့ ဘာ မိသားစုတွေနဲ့ ပြန်ဆုံချင် ဆုံမှာပေါ့လေ။

*************************
ဆေးခန်းအတွက် လိုအပ်တဲ့ဆေးတွေကို ကောင်တာမှာ မှာထားတဲ့အချိန်မှာ ဇွဲတို့ သူငယ်ချင်းတွေ စိတ်ထဲကနေ ကုန်ကျမယ့် ဆေးဖိုးပိုက်ဆံတွေကို အသီးသီးအလျင်အမြန် တွက်ချက်လိုက်တယ်။ ဒီတပတ်အတွက် ၀ယ်ရမယ့် ဆေးတွေက ကျွတ်ကျွတ်အိတ်တစ်လုံးစာ ပြည့်ချင်မှ ပြည့်လိမ့်မယ်ဆိုပေမယ့် ပိုက်ဆံက ၁ သိန်းကျော် ကျော်လောက်တော့ အေးဆေးပဲ ကုန်လိမ့်မယ်။ တပတ်ကို ဆေးဖိုးက ၁ သိန်းကျော်လောက်၊ ဓါတ်ခွဲခန်းမှာ စမ်းသပ်ခအတွက်ပေးချေရတဲ့ ကုန်ကျငွေက ၂ ပတ်ခြားကို ၃ သောင်းလောက်၊ စုစုပေါင်းရင် တလတာအတွက်က ၅ သိန်းလောက် အနည်းလေး ရှိနေမှဖြစ်မယ်။ ဒီအတွက် သေချာတဲ့ အရင်းအနှီးကို ဘယ်လိုလုပ်ထားရင် ရနိုင်သလဲ။

ကဲ… ဖြစ်ရမှာပဲလို့ စိတ်ကိုတင်း … သက်ပြင်းကို အသာချပြီး ဆေးဖိုး ပိုက်ဆံကို ပေးချေလိုက်တယ်။ နောက်တော့မှ ဆေးခန်းမှာ အသုံးပြုရမယ့် ဆီးချိုစစ်တဲ့ စတစ်ကုန်နေတာကြောင့် ကုတ်နံပတ်တူတဲ့ တံဆိပ်ကို မေးပေမယ့် ဒီဆိုင်မှာ မရှိဘူးတဲ့။ City Mart၊ ဗိုလ်ချုပ်ဈေးတို့မှာပဲ ရနိုင်တယ်တဲ့။ နေရာတစ်ခုတည်းမှာ မရတော့ နည်းနည်း ကသီကလင်ဖြစ်ရတယ်။ နောက်တစ်ခေါက်ဝယ်ရင် အချောင်း ၁၀၀ လောက် ၀ယ်ထားဦးမှပဲ။ ခုနက တွက်တဲ့အထဲမှာ အခုလိုမျိုး Accessories လေးတွေအတွက် ကုန်ကျစရိတ်က မပါသေးဘူး။

အဲ့ဒီလောက်အထိ ကုန်ကျစရိတ်ရှိနေတဲ့ ဇွဲတို့ ဆေးခန်းဟာ ရန်ကုန်မြို့ရဲ့ အစွန်က မယ်သီလရှင် ပညာသင်ကျောင်းတစ်ခုမှာ ဖွင့်ထားတာပါ။ ၀ါသနာတူ၊ စိတ်သဘောထားချင်းတူတဲ့ သူငယ်ချင်းတွေ စပြီးတော့ ဖွင့်ကာစက ဆေးခန်းလေးဟာ တကယ့်ကို Mobile Clinic တစ်ခု ဖြစ်ခဲ့တယ်။ ကျောင်းရယ်လို့မှ ပီပီပြင်ပြင် မဖြစ်သေးတဲ့ သီလရှင်ကျောင်းက ကျောင်းထိုင်ဆရာလေးအနေနဲ့ ဇွဲတို့လို အခမဲ့ဆေးပေးတဲ့နေရာလေး ရှိနေတာကို ကျေနပ်မဆုံး ရှိနေပေမယ့် ဆေးခန်းနေရာရယ်လို့ သတ်သတ်မှတ်မှတ် မပေးနိုင်သေးတာတော့ အမှန်။

ဒီတော့ ကလေးတွေ စာသင်ဆောင်နေရာကိုလည်း ဇွဲတို့အဖွဲ့ နေရာချဖူးတယ်။ ဆောက်လက်စ အဆောင်ရှေ့က သစ်ပုံနားမှာ ဓနိကပ်တွေ မိုးကာ ထားတဲ့နေရာကိုလည်း ဇွဲတို့ ဆေးခန်းလုပ်ဖူးတယ်။ အဆောင်ပြီးခါစ အကာလုံလုံခြုံခြုံမရှိသေးတဲ့ အပေါ်ထပ်မှာလည်း ဇွဲတို့ညီအစ်ကို မောင်နှမတွေနေ ခဲ့ရတယ်။ ဆေးတွေကို မိုးရေပက်မှာ စိုးလို့ မိုးကာစတွေနဲ့ ကာထားခဲ့ရတဲ့ ရာဇ၀င်တွေလည်း ရှိခဲ့တယ်။ ဆေးဖိုးမတတ်နိုင်တော့လို့ နီးစပ်ရာလူတွေ ဆီကနေ အလှူခံသလိုနဲ့ အေးဓါးပြလုပ်ခဲ့၇တာတွေကလည်း အခါခါ။ ဒါပေမယ့် ဇွဲတို့ မငြီးငြူခဲ့ကြ။ ပန်းပွင့်ရှိရာအရပ်မှာ လိပ်ပြာတွေ ပျော်သလို ဇွဲတို့ကို အလိုရှိသူတွေကြားထဲမှာ တပိုင်တနိုင် ဖြည့်တင်းနိုင်ခြင်းကို ကြည်နူးလို့မဆုံး။

ဒါပေမယ့်…။

ဇွဲတို့အနေနဲ့ လူနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ဖြည့်စွက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်စွမ်း မရှိသေးဘူး ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့ ဘယ်သူကို တလို့ တရယ်မယ်မှန်းမသိလောက်အောင် ဆွံအခဲ့ရတယ်။ ဆေးရုံ ဆေးခန်းတွေမှာ တွေ့ချင်မှ တွေ့ရမယ့် ပြဿနာမျိုးတွေကို ဇွဲတို့ဆီမှာ အမြဲလိုလိုတွေ့ကြုံရတယ်။ ဆေးခန်းတွေမှာ လူနာသွားပြရင် သုံးစွဲရမယ့်ဆေးတွေကို ဆရာဝန်က ကဒ်တွေနဲ့သာ ပေးပါလိမ့်မယ်။ ဒါပေမယ့် ဇွဲတို့ဆီမှာတော့ ဆေးများကို ၁ လုံးချင်းစီ ညှပ်ထားရတယ်။ တပတ်စာ ပေးဖို့ လိုအပ်တဲ့ လူနာတွေကိုတောင်မှ ဇွဲတို့အနေနဲ့ ဆေးတွေ ကဒ်လိုက် မပေးဝံ့။

ဇွဲတို့ပေးလိုက်တဲ့ဆေးတွေကို အပြင်မှာ ပြန်ရောင်းစားကြတယ်ဆိုတာကို ပြန်ကြားတုန်းက အားလုံး သက်မမောတွေကို ချလို့မဆုံးဖြစ်ခဲ့ရတယ်။ တခါတလေကျတော့ လူနာက ဆေးခန်းကို ရောက်မလာ။ ဆိုက်ကားသွားနင်းနေတယ်တဲ့။ မိန်းမဖြစ်တဲ့သူက ဆေးလာတောင်းတယ်။ အမေဈေးရောင်းနေလို့ သမီးကို ဆေးပေးလိုက်ပါ၊ ခါးနာတာ သက်သာတဲ့ဆေးပေးပါ၊ ချောင်းဆိုးပျောက်ဆေးလေးပေးပါဆိုတာမျိုးတွေ ရှိလာတယ်။ မမြင်ရ မတွေ့ရ လူနာအတွက် ဆေးကို ဘယ်လို ဘယ်ပုံ ပေးသင့်သလဲ။ တချို့ကျတော့ ခံစားနေရတဲ့ ရောဂါအမှန်ကို ထုတ်မပြောချင်ကြဘဲ သူတို့ သက်သာလို့ သက်သာငြား ဟိုဆေး ဒီဆေး လက်ညှိုးညွှန်မေးပြီး သူတို့ အလိုကျ တောင်းဆိုတတ်ကြ သေးတယ်။

ဆေးပေးတယ်ဆိုတာမျိုးက တခြားအရာတွေကို လှူတာမျိုးနဲ့ လုံးဝ မတူဘူးဆိုတာကို လူနာတွေ မသိလေကြသလားလို့ ဇွဲတို့ တိုင်ပင်ကြည့်ဖူး ကြတယ်။ ဆေးဆိုတာမျိုးက အစွန်းနှစ်ဘက်ရှိတဲ့ ဓါးကို ထိတွေ့ကိုင်တွယ်ရသလိုပဲ အရာရာ သတိထားရတာ မဟုတ်လား။ ဆေးတွေ ကို လျော့ပေးလိုက်ရင်ပဲဖြစ်ဖြစ်၊ ပိုပေးလိုက်ရင်ပဲဖြစ်ဖြစ် သူတို့တတွေအတွက် ထိရောက်မှုတွေ ဖြစ်လာနိုင်တယ်လေ။ ဆေးခန်းကို လာပြထားတဲ့ လူတစ်ယောက်က ကိုယ်နဲ့ ဖြစ်ပုံချင်းတူနေတဲ့လူ တစ်ယောက်ကို သဒ္ဓါလွန်ပြီး ဆေးမှားပေးလိုက်ရင် ဘယ်သူတွေ အကျိုးယုတ်ကြမလဲ။ ဆေးယဉ်ပါးတဲ့ ပြဿနာတွေ စုပုံထပ်လာရင် ဘယ်သူတွေ ပိုနာကျင်ရမလဲ။

တမိသားစုလုံး ယားနာတွေ ပေါက်ပြီး ရောက်လာတဲ့ လူနာတွေကို သူမတို့က တခါဆေးကုသပေးပြီး နောက်ထပ် မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းကို ပေးလိုက်ရုံသာ။ ဒါကို သူတို့က အလေးအနက်မထား။ ဖြစ်မှသာ တခါလာပြန်ပြမည် လို့ သဘောထားပြီး ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ပြန်နေကြတယ်။ နောက်ထပ် ထပ်ဖြစ်ကြတယ်။ နောက်ထပ် ပြန်ရောက်လာကြတယ်။ ဆူ၊ အော်၊ ငေါက်လည်း မကြောက်ကြ။ ဇွဲတို့ထဲက တစ်ယောက်က ပြောလိုက်ရင် နောက်တစ်ယောက်ဆီကို မသိမသာ လက်သိပ်ထိုးပြီး ဆေးတွေသွားတောင်းတော့ မခက်လား။ တကယ်တော့ သူတို့ကို အရောင်စုံတဲ့ ဆေးတွေနဲ့ တပတ်တခါအနာကင်းအောင် ကုသပေးနေသလို သူတို့ရဲ့ အသိစိတ်ကလေးတွေကို တပတ်ကို နည်းနည်းချင်းစီ မြှင့်တင်ဖို့ ကြိုးစားရဦးမယ် မဟုတ်လား။

ဆေးခန်းမှာ အချိန်ပေးစောင့်ရတဲ့အခါတိုင်း ထွက်ပေါ်လာတဲ့ စီစီညံ့ညံ့ အသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အလှည့်ကျော်လို့ ငြင်းခုန် နေကြတာ ကြည့်ရင်းနဲ့ ဇွဲတို့မှာသာ ငိုရမလို၊ ရယ်ရမလိုနဲ့ ကရုဏာဒေါသ ထွက်နေရတယ်။ သူတို့ကတော့ သကြားလုံးဝေသလို ဟောတစ်ယောက် ဟောတစ်ယောက် ကိုယ့်အလှည့် မြန်မြန်ရောက်လာဖို့ကိုသာ အလျင်လိုနေကြတယ်။ ဘာလို့ လောနေကြတာလဲလို့ မေးရင်လည်း လျှော်ရမယ့် အ၀တ်တွေကို ပစ်ထားခဲ့ရတဲ့သူ၊ ထမင်းဟင်း မချက်ခဲ့ရတဲ့သူ၊ ကလေးကို ထမင်းပြန်ကျွေးရမယ့်သူ၊ အလုပ်ပြန်ဆင်းရမယ့်သူ၊ ဈေးဗန်းမသိမ်းရသေးတဲ့သူ ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးက ထွက်ပေါ်လာတယ်။ ဘယ်လိုကြောင့် ဒီလိုဖြစ်ရတယ်၊ ဘာတွေက ပိုဆိုးစေတယ် ဆိုတာကို ပြောပြချိန်မရ။ သူတို့ဆီမှာ စွဲကပ်နေတဲ့ “ရောဂါတစ်ခု မဖြစ်ခင်ကာကွယ်ရမယ်ဆိုတဲ့ အသိထက် ဖြစ်မှ လာပြမယ်” ဆိုတဲ့ အစွဲကို ဇွဲတို့ တွန်းလှန်ပစ်ရမယ်။

ဆေးခန်းမှာ လူနာ ၁၀၀ ကျော် ၂၀၀ နီးပါးကို ကြည့်ပေးပြီးချိန်တွင် ဇွဲတို့အားလုံး မီးနီတွေ ပြနေပြီ။ နေ့လည် ၂ နာရီ၊ ၃ နာရီအထိ အစာ မစားရသေးတော့ လူတွေက နုံးနေပြီ။ စားသောက်ပြီးလို့ဆေးခန်းက ပြန်လာချိန်တွင် ဇွဲတို့ ကိုယ်မှ ဆေးနံ့တွေက တယုတယဆွတ်ထားတဲ့ ရေမွှေးနံ့တွေအလား အပြင်ကို စူးခနဲ ထိုးထွက်လာတယ်။ လိုင်းကားစီးဖို့ အကြာကြီး ရပ်စောင့်နေချိန်ဆိုရင် ဇွဲတို့အနားတစ်ဝှိုက်မှာ လာရပ်တဲ့သူ မရှိ။ မောမောပန်းပန်းနဲ့ လိုင်းကားပေါ်ကို တိုးဝှေ့တက်လိုက်တဲ့အချိန်ရောက်ရင်တော့ ဆေးနံ့က လူ့ထက် အရင်စောပြီး အပေါ်မှာနေရာယူနှင့်နေတယ်။ မသိမသာ နှာခေါင်းရှုံ့တဲ့သူတွေ ရှိသလို ဘေးချင်းကပ်ထိုင်နေတာကနေ နေရာထလဲတာမျိုးလည်း ရှိတယ်။ ရှေ့အပတ်ကတော့ နည်းနည်း စကားပြော ပွင့်လင်းပုံရတဲ့ ဒရိုင်ဘာက ဇွဲတို့ လူစု ကားခေါင်းခန်းနားကို တိုးဝှေ့သွားချိန်မှာ သူ့နောက်လိုက်ကို ပြောသလိုလိုနဲ့ “ဘားပလက်စော် နံ လိုက်တာကွာ …”လို့ ရေရွတ်လိုက်တယ်။ ဇွဲတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိတဲ့ နောက်မှာတော့ နှုတ်ခမ်းမှာ အပြုံးကလေးတွေ တွဲခိုလာတယ်။ ဇွဲရဲ့စိတ်ထဲမှာတော့ ငယ်ငယ်က ဘားပလက်သောက်ပြီး နေကောင်းနေလို့ လက်သီးဆုပ်ပြတဲ့ ကောင်လေးကို ပြန်မြင်ယောင်မိသွားတယ်။

ဟုတ်တယ်…။

ဇွဲတို့ဟာ … ဘားပလက်တွေပဲ။ ဇွဲတို့ အားလုံး ဒီလိုအသားကျခဲ့တာ 2 နှစ်ပြည့်မြောက်ခဲ့ပြီ။ ဒီကာလတွေမှာ ဇွဲတို့ခွန်၊ ဇွဲတို့အားနဲ့ တတ်နိုင်သလောက် ၀န်ကိုထမ်းနေကြတယ်။ မေတ္တာရဲ့ စေညွှန်ရာနဲ့ တခြားသူတို့အပူကို ကင်းစေခဲ့တယ်။ ဒီကာလတွေမှာ လူတွေရဲ့ စိတ်က ခံယူမှတ်သားနိုင်မှု အတိမ်အနက်ကိုလိုက်ပြီး ချော့တန်တာကိုလည်း ချော့ရတယ်။ ခြောက်တန်တာကိုလည်း ခြောက်ရတယ်။ ဘီလူးခေါင်းဆောင်းပြီး ဗိန်းဗောင်းတီးပေးရတဲ့ အခါတွေလည်း ရှိနေပါတယ်။ ဒီအတွက် ဇွဲတို့ဟာ လူနာတွေအမြင်မှာ တခါတလေတော့လည်း ခါးတဲ့ ဘားပလက်တွေ ဖြစ်နေပါလိမ့်မယ်။ တခါတလေတော့လည်း အနံ့စူးတဲ့ ဆေးတွေ ဖြစ်နေပါလိမ့်မယ်။ တခါတရံတော့ ချိုချိုမွှေးမွှေး ဘာပလက်ဆေးရည်တွေ ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇွဲတို့ အားလုံးဟာ ချစ်ဖို့မကောင်းတဲ့ လူနာတွေကိုလည်း ချစ်လျက်၊ ခင်လျက် ဘားပလက်လို ဘ၀နဲ့နေရတာကိုပဲ ကျေနပ်ပျော်ရွှင်နေကြတာပါပဲ။

(2) နှစ်ပြည့် မြောက်ခဲ့တဲ့နေ့………. (29.01.2012)

..

(2) နှစ်ပြည့်အတွက် အမှတ်တရ ကိတ်

 

ဝိုင်းဖွဲ့စားလို့ ပျော်ပျော်ရွှင်  …. :)

 

 

အမှတ်တရ ပေးမယ့် လက်ဆောင်များ …..။

 

ဆေးခန်းအတွက် ကိုယ်ရော စိတ်ပါ အားဖြည့်ကူသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်

 

 

ကျောင်းထဲမှာ ရိုးရာ မပျက်တမ်းစားတဲ့ နေ့လည်စာဝိုင်း

 

 

ကြုံတိုင်းရွာ ပရဟိတ ကုသိုလ်ဖြစ် ဆေးခန်း ရပ်တည် လည်ပတ်နိုင်အောင် အမြဲမပြတ် လုပ်အားပေး ကူညီခဲ့ကြသော အစ်ကို အမ၊ ညီငယ်၊ ညီမငယ်များ၊

ရပ်ဝေးမှ ကုသိုလ်ယူ လှူဒါန်းခဲ့ကြသော အလှူရှင်များအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း

ဆုတောင်း မေတ္တာ ပို့သလိုက်ရပါတယ်။

 

Admins @ Village KD

 

133 views

Jan
28

ကိုယ်ရေး အကျဉ်း

1986 ခု၊ ဇန်န၀ါရီလ 25 ရက်

တဖောက်ဖောက်ကြွေတဲ့ နှင်းစက်သံဟာ
အပ် ၂ စင်း ထိခတ်သံကို ဖုံးလွှမ်းသွားချိန်
အညတရရဲ့ ကြမ္မာဟာ
ဇာတာ နက္ခတ်အပြည့်အ၀နဲ့
အပြေးလမ်းမပေါ်သက်ဆင်းခဲ့ရ
မယဉ်မရိုင်းတေးသွားတွေနဲ့
ပျံသန်းခြင်းကို အစပျိုးခဲ့ညနေတွေ။

ပျံတယ်၊
ခပ်နိမ့်နိမ့်ပျံတယ်၊
နည်းနည်းလေးမြင့်အောင် ပျံတယ်။

ကျတယ်။
ခပ်ဖြေးဖြေးချင်းကျတယ်။
မြည်သံပါအောင်ကျတယ်။

အကြိမ်ကြိမ်လဲတယ်။
အခါခါပြန်ထတယ်။
ဌာနေချစ်တဲ့ငှက်မှာ
အရောင်ရိုးရိုးလေးနဲ့အိပ်မက်တွေရှိတယ်။

ပျံသန်းခြင်းရဲ့ သီအိုရီမှာ
ဒူပေဒဏ်ပေ
တေလေဘ၀ကစပြီး
အနာဂတ်တွေကို
ထုတ်ပိုးရင်း၊
ပျံသန်းရင်းနဲ့
ရိုးရိုးလေး ၂၀၀၂ ရဲ့
မညှာမတာ ဇူလှိုင်မိုးစက်တွေအောက်မှာ
ပြေးလမ်းကို ၉၀ ဒီဂရီတိတိ
ထောင့်ချိုးကွေ့လိုက်ရတယ်။

အဲဒီမိုးစက်တွေနောက်မှာ
တချို့တံခါးပေါက်တွေ
အလိုလို ပိတ်သွားတယ်။

တချို့ပြတင်းပေါက်တွေ
အလိုလို ပွင့်အာလာတယ်။

မြင်နေကျ မျက်နှာတချို့ဟာ
ပိုပိုပြီး အေးစက်လာ၊
သွေးသားတော်စပ်မှုဟာ
ဟာသမြောက်ဆုံးပန်းချီကားတစ်ချပ်ဖြစ်လာတယ်။

ငှက်ငယ်ရဲ့ကောင်းကင်မှာ
တချို့ဒေသတွေ တိမ်ထူထပ်ခဲ့ပြီး
တချို့မျက်နှာတွေ ပက်ကြားအက်လာတယ်။

ထိစပ်လာသမျှ
ငွေရောင်တောက်ပတဲ့တိမ်တွေ
ခရမ်းပြာရောင်တိမ်လိပ်တွေနဲ့
ကြည်ကြည်နူးနူး နားခိုချင်စရာ
မိုးပြာရောင် တိမ်စိုင်လေးတွေ
စိတ်ရောကိုယ်ပါ မျောခွင့်ရှိရင်
တိမ်စိုင်တခုခုပေါ်နားဖြစ်မယ်ထင်တယ်။

ခပ်ဝေးဝေးရောက်အောင်ပျံရင်း
ချစ်ခြင်းတရားမှာ
ပါးပြင်တစ်ဝက်က စိုစွတ်ပြီး
ပါးပြင်တစ်ဝက်က သွေ့ခြောက်လာ
ရယ်မောခြင်းမှာ
တိုးတိတ်စွာနဲ့
ကြေကွဲခဲ့ရနေ့ရက်တွေများလာတယ်။

ပျံ
ရင်ဘက်မပါဘဲ ပျံ
ဦးနှောက်အတိုင်း ပျံ
နည်းနည်းမြင့်အောင်ပျံ
ကောင်းကင်ကျယ်ဆီရောက်အောင်ပျံ…

သူ
ဘယ်ဆီကိုရောက်မလဲ
ဘယ်ဆီမှာ နားမလဲ။
သူရဲ့ ပြေးလမ်း
ဘယ်ကာလမှာ အဆုံးသတ်မလဲ။
ဘယ်သူက အနီးစပ်ဆုံး
ခန့်မှန်းနိုင်မလဲ။ ။

နှင်းနုလွင်
၁၊ ၁၂၊ ၂၀၁၀

……….

 

မွေးနေ့ အမှီ ကိုယ့်ကိုယ်ကို ကဗျာတစ်ပုဒ်လောက် လက်ဆောင် ပြန်ပေးချင်ပေမယ့် ရေးတဲ့ဆီကို ဦးတည်လို့မရခဲ့ဘူး။ ကိုယ့်အကြောင်း ကဗျာလေးကို ကြိုးစားပြီး ရေးနေတာလည်း လတ်စမသတ်ပါဘူး။ အဲဒါနဲ့ပဲ ဒီနှစ် 25 ဟာလည်း ကုန်ဆုံးခဲ့ပါတယ်။ တနှစ်နဲ့ တနှစ် ဘာကွာသွားလဲဆိုပြီး ကိုယ်ကိုယ်ကို ပြန်သုံးသပ်ကြည့်မိတော့ အရင်နှစ်ထက် ပိုပြီးတော့

၁။ ခဏ ခဏ မေ့တတ်လာတယ်။

၂။ ရှပ်ပျာရှပ်ပျာအကျင့်မပျောက်သေးဘူး။

၃။ ကော်ဖီသောက်တဲ့ အကြိမ်ရေ ပိုများလာတယ်။

၎။ ၀မ်းနည်း ၀မ်းသာ နည်းလာတယ်။

၅။ ကဗျာရေးဖို့ မရဲတော့တာဖြစ်လာတယ်။

၆။ သွားတတ်တဲ့နေရာတွေကို မေ့မေ့လာတယ်။

နောက်ထပ် မကောင်းတဲ့အချက်တွေ အများကြီးရှိသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာ သူငယ်ချင်းတွေ အများကြီးက မွေးနေ့ဆုတောင်း တောင်းပေးကြတယ်။ အဲဒါကတော့ ပိုပြီးတော့ ပျော်စရာကောင်းတယ်။  နည်းပါးတဲ့ E-Friends  မိတ်ဆွေတွေက အမှတ်ရပေးတဲ့အတွက် အများကြီး ပျော်ရွှင်ရတယ်။ အခုလို နှင်းကို သတိတရနဲ့ ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံးလည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

 

..

 

 

 

……

 

 

….

……..

 

.

….

 

53 views

« 1 2 3 4 5 6 7 8 9 10 11 12 ... 73 »

Older posts «

» Newer posts

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder