Aug
18

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်လို့ရပါသလား

ဒီမေးခွန်းကို ကိုယ်ဝန်ဆောင်မိခင်တိုင်း သိလိုကြပါတယ်။ ကိုယ်ဝန်ဆောင်သည်မှတင် မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး နာမကျန်းမှုအမျိုးမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မှာ ဆေးသောက်တာဟာ ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်တယ်ဆိုတာကို အားလုံးက သိကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်သည်ဟာ တခြားလူတွေသောက်သလို သောက်လို့မရပါဘူး။ မိခင်သောက်လိုက်တဲ့ဆေး တွေရဲ့ကောင်းခြင်း၊ ဆိုးခြင်းကို ကလေးကအမြဲလိုလို ခံစားနေရတတ်ပါသည်။ လူကြီးတွေထက်စာရင် ကလေးများက ဆေးရဲ့ ဒါဏ်ကို ပိုခံရပါတယ်။ ဒါ့ကြောင့် မဖြစ်မနေသောက်ရမယ့် ဆေးတစ်ချို့ကလွဲရင် ဆေးတော်တော်များများကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ထားတာဟာ အကောင်းဆုံးပါပဲ။

.

ကိုယ်ဝန်ဆောင်ချိန်မှာ နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်သလို ကိုယ်ဝန်ကြောင့် ရင်ပူတာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီမှာ စဉ်းစားသင့်တာက ရောဂါ လက္ခဏာတွေကို အောင့်အင်း သည်းခံ ပြီးနေမလား၊ စိတ်ချရတဲ့ OTC ဆေးတွေကို ရွေးမလား။ ဒါက အရမ်းအရေးကြီးပါတယ်။ မိခင်သောက်လိုက် တဲ့ဆေးတွေဟာ ချက်ကြိုးကနေတဆင့် ကလေးဆီကိုရောက်ပြီး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ မိခင်ဆီမှာ ချေဖျက် ပြီးသွားတဲ့ဆေးတွေရဲ့ အရွယ်အစားဟာ အရမ်းသေးငယ်သွားပါတယ်။ ဒီဆေးမှုန်လေးတွေဟာ ကလေးတွေအတွက် လိုအပ်နေတဲ့ အာဟာရများနဲ့အတူ အချင်းကိုဖြတ်ပြီး ကလေးရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားပါတယ်။ ဒီဆေးတွေဟာ ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်တယ်ဆိုတာကတော့ ဆေးရဲ့ ပြင်းအားအပေါ်မူတည်သလို ကိုယ်ဝန်လ အနုအရင့်ပေါ်မှာလည်း မူတည်ပါတယ်။

.

ဆေးကြောင့်ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်သလဲဆိုတာ ကိုယ်ဝန်ဆောင်ချိန်ရဲ့ ကာလ (၃)ခု ပေါ်မှာ မူတည်ပြီး ကွဲပြားနေပါတယ်။ တချို့ဆေးတွေဟာ ကိုယ်ဝန်သက် ပထမ(၃)လကို ထိခိုက်စေပေမယ့် ဒုတိယ(၃)လ၊ တတိယ(၃)လ ကာလတွေအတွက် စိတ်ချလက်ချ သုံးလို့ရပါတယ်။ ဒါ့ကြောင့်ဆေး တစ်ခုကို သုံးတော့မယ်ဆိုရင် ကိုယ်ဝန်သက်တမ်းကိုပါ ထည့်တွက်ရပါတယ်။ ပထမ(၃)လမှာ သောက်တဲ့ဆေးတွေဟာ ကလေးအပေါ်မှာတော့ ပြင်းထန်တဲ့ သက်ရောက်မှုတွေဖြစ်စေပါတယ်။ အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးစအရွယ်ဖြစ်တာကြောင့် သောက်လိုက်တဲ့ဆေးတွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေဖြစ်လာနိုင်သလို ကိုယ်ဝန်ပျက်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

.

ဒုတိယ(၃)လ ကိုယ်ဝန်သက် (၆)လ အတွင်းမှာ သောက်လိုက်တဲ့ ဆေးတွေကတော့ ကလေးမှာရှိတဲ့ အာရုံကြောအဖွဲ့အစည်း (Nervous System)ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်သလို ကလေးငယ်ရဲ့ ကြီးထွားမှု ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ တတိယ(၃)လ ကိုယ်ဝန်သက် (၉)လ အတွင်းမှာ ဆေးပြင်းတွေ သောက်ရင်တော့ မျှော်လင့်မထားတဲ့ အခြေအနေဆိုးတွေ ဝင်ရောက်လာတတ်ပါတယ်။ မီးဖွားခါနီး သောက်လိုက်တဲ့ဆေးပြင်းတွေဟာ မီးဖွားပြီးချိန်အထိလည်း ကလေးဆီမှာ ကျန်ခဲ့တတ်ပါတယ်။ ဒီဆေးတွေကြောင့် မွေးကင်းစကလေးတွေမှာ အသက်ရှုရခက်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့ဆေးတွေကတော့ သားအိမ်မှာ သွားပြီးသက်ရောက်တတ်ပါတယ်။ တချို့ဆေးတွေဟာ သားအိမ်ကိုကျုံ့စေတတ်ပြီး တချို့ကတော့ သားအိမ်ကို ကျယ်စေပါတယ်။ ဒီလိုဆေးမျိုးတွေကြောင့် ကလေးဆီကို သွေးအလုံအလောက်မလျှောက်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ မွေးချိန်လွန်ပြီးမှမွေးခြင်းတို့လို ပြဿနာတွေ ဖြစ်တတ်ပါတယ်။

.

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချလက်ချသုံးလို့ရတဲ့ဆေး၊ စိတ်ချလက်ချသုံးလို့ရတဲ့ အခြေအနေဆိုပြီးတော့ အတိအကျ မရှိပါဘူး။ ဒါ့ကြောင့် ဆေးတစ်မျိုးသုံးတော့မယ်ဆိုရင် မိခင်ဆီမှာရလာနိုင်တဲ့ ကောင်းကျိုးနဲ့ ကလေး ဆီမှာ ဆက်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အမြဲချင့်ချိန်ရပါတယ်။ ကလေးငယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဆေးတွေဆိုရင်တော့ တခြားသင့်တော်မယ့် နည်းလမ်းကို ပြောင်းပြီး စဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်ပထမ (၃)လ အတွင်းမှာ ဘာဆေးမှ မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ဆေးကိုမဆို သောက်တော့မယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ ကြုံတွေ့လာနိုင်တဲ့ အပယိက နာမကျန်းမှုတွေအတွက် ဆေးသုံးရမလား၊ တခြားနည်းလမ်းသုံးမလား ဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။

.

.

(၁) ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာရော ပုံမှန်အချိန်မျိုးမှာပါ ဝမ်းချုပ်တတ်ကြပါတယ်။ ပထမဆုံးတော့ အစားအသောက် နဲ့ပြန်ပြီးထိန်းသင့်ပါတယ်။ အသားအမျိုးမျိုးဟာ ဝမ်းချုပ်စေတဲ့အတွက် အသီးအရွက်တို့ကို ဦးစားပေးပြီး စားသင့်ပါတယ်။ အမျှင်ဓါတ်ြွကယ်ဝတဲ့ အစားအစာတွေဟာ ဝမ်းသွားစေပါတယ်။ နေရာတစ်ခုမှာ အကြာကြီးငြိမ်ထိုင်မနေဘဲ ဟိုဟိုဒီဒီလှုပ်ရှားသွားလာနေသင့်ပါတယ်။ ရေလည်း အများကြီးသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းနဲ့မှ မသက်သာရင်တော့ အလွယ်တကူဝယ်သုံးခွင့်ရှိတဲ့ဆေး (Over The Counter-OTC)ကို အသုံးပြုလို့ရပါတယ်။ Ispaghula, Methylcellulose, Bran ပါတဲ့ဆေးတွေကို ရွေးချယ်ပြီးသုံးနိုင်ပါတယ်။

.

(၂) အစာမကြေခြင်း၊ ရင်ပူခြင်း

ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် (Sodium Bicarbonate) ပါတဲ့ဆေးတွေကို သွေးစီးကြောင်းက စုပ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်တာက အကောင်းဆုံးပါပဲ။ ပမာဏအများကြီး သောက်ရမှာမဟုတ်ပေမယ့်လည်း မဖြစ်မနေသောက်ရတော့မယ်ဆိုရင် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးမှသာ သုံးသင့်ပါတယ်။

.

(၃) ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း

ခေါင်းကိုက်တဲ့အခါ ခေါင်းကို အသာအယာလေးနှိပ်ပေးသင့်ပါတယ်။ ခါးနာနေရင်လည်း တောင့်တင်းနေတဲ့ြွကက်သားတွေ ပြေလျော့သွားဖို့ ခပ်ဆန့်ဆန့်လေး နေပေးတာ၊ ခပ်နွေးနွေးရေထဲမှာ စိမ်ပေးတာမျိုးကိုသာ အဓိကထားပြီး လုပ်သင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို မသုံးသင့်ပေမယ့် အရမ်းဆိုးရွားလို့ မဖြစ်မနေ သုံးရတော့မယ်ဆိုရင် ပါရာစီတမော (Paracetamol) လောက်ပဲသုံးသင့်ပါတယ်။ Aspirin, Ibuprofen တို့လိုဆေးမျိုးတွေကတော့ မသုံးသင့်ပါဘူး။ ကိုယ်ဝန်နောက်ဆုံးကာလမှာသုံးမိရင် မီးဖွားချိန်နှောင့်နှေးစေတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ Aspirinဟာ သွေးကျဲစေတဲ့အတွက် မိခင်မှာရော ကလေးမှာပါ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးယူမယ့် အစီအစဉ်ရှိတဲ့မိခင်လောင်းတွေ၊ ကိုယ်ဝန် (၃)လရှိတဲ့ မိခင်တွေအနေနဲ့ ဆေးတွေကိုကြိုရှောင်ထားတာက အကောင်းဆုံးပါပဲ။

.

(၄) ဓါတ်မတည့်မှု

ဘာ့ကြောင့် ဓါတ်မတည့်မှုဖြစ်ရတာလဲ၊ ယားယံရတာလဲဆိုတဲ့ အကြောင်းအရင်းကို သိရအောင် အရင်ဆုံး ကြိုးစားသင့်ပါတယ်။ ပန်းဝတ်မှုန်၊ ဘဲသွေး၊ ဖုန်မှုန့်၊ စူးရှတဲ့အနံ့ စသည်ဖြင့် တိတိကျကျ သိသွားရင် သူတို့နဲ့ထိတွေ့မှုမရှိရအောင် ရှောင်လို့ရသွားပါတယ်။ အကြောင်းအရင်းကိုမသိရရင်တော့ (Sodium Cromoglicate) ပါဝင်တဲ့ Nasal Spray သို့မဟုတ် Eye Drops တွေကို သုံးနိုင်ပါတယ်။ Beclomethasone ကဲ့သို့ Steroids ဆေးတွေဟာသုံးလို့ရပေမယ့် ကြာရှည် သုံးလို့မသင့်တော်ပါဘူး။ ဒီလိုဆေးမျိုးတွေဟာ သွေးကတဆင့် ကလေးဆီကိုရောက်သွားပါတယ်။ ကလေးငယ်ရဲ့ ကြီးထွားမှုကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေထံမှ အကြံဥာဏ်ရယူပြီးမှသာ သုံးသင့်ပါတယ်။ Cetirizine, Loratidine တို့ကဲ့သို့ Antihistamine တွေကတော့ စိတ်ချလက်ချသုံးလို့ရတယ်ဆိုတဲ့ အကြောင်းပြချက်မပြည့်စုံသေးတဲ့အတွက် ရှောင်သင့်ပါတယ်။ တခြားဆေးတွေသုံးလို့မှ အဆင်မပြေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး Chlorpheniramine ကိုသုံးနိုင်ပါတယ်။

.

(၅) ချောင်းဆိုးခြင်း၊ အအေးမိခြင်း

ဒီလိုရောဂါ လက္ခဏာတွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုတဲ့ဆေးတွေမှာ ဆေးအမျိုးပေါင်းများစွာ ပါဝင်နေတတ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတစ်မျိုးချင်းစီဟာ စိတ်ချလက်ချသုံးလို့ရတာဟုတ်၊ မဟုတ် သေသေချာချာသိဖို့က အရမ်းအရေးကြီးပါတယ်။ နှာရည်ပျော်စေတဲ့ Pseudoephedrine, Phenylephrine လိုဆေးမျိုးဟာ စိတ်ချလက်ချသုံးလို့ရတယ်ဆိုတာ မသေချာပါဘူး။ နှာခေါင်းပိတ်တာကို သက်သာစေချင်ရင် ရေနွေးငွေ့ရှုတဲ့နည်းလမ်းဟာ အကောင်းဆုံးပါပဲ။ ရေနွေးငွေ့ရှုပေးတဲ့အခါ ချွဲတွေကျဲသွားသလို ချွဲတွေခပ်ထုတ်ရတာလည်း လွယ်ကူသွားပါတယ်။ မိမိရွေးချယ်လိုက်တဲ့ ချောင်းဆိုးပျောက်ဆေးမှာ Iodide သာပါသွားခဲ့ရင် ဒီဆေးတွေဟာ ကလေးရဲ့ Thyroid Gland အလုပ်လုပ်တာကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ချွဲမပါတဲ့ ချောင်းခြောက်ဆိုးရင် အသုံးပြုတဲ့ Dextromethorphan ကလည်း စိတ်ချရတယ်ဆိုပေမယ့် ပမာဏ နည်းနည်းနှင့် ခဏတစ်ဖြုတ်သုံးဖို့အတွက်ပဲ သင့်တော်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်(၃)လ အတွင်းမှာ လုံးဝမသောက်သင့်ပါဘူး။ လည်ချောင်းယားတာကို သက်သာစေတဲ့ ငုံဆေး၊ ပျားရည်၊ Glycerol ပါဝင်တဲ့ ဆေးရည်တွေဟာ လည်ချောင်းအတွင်းမှာ အပေါ်ယံအလွှာအနေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါဟာ လည်ချောင်းယား ပြီးချောင်းဆိုးတာကို သက်သာဖို့အတွက် ဘေးအကင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

.

(၆) ဝမ်းလျှောခြင်း

မိခင်ဖြစ်သူ ဝမ်းအနည်းငယ်သွားရုံနဲ့တော့ ကလေးမှာ ဘာမှ အန္တရယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် ရက်ကြာလာရင်တော့ ရေဓါတ်တွေဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် ဓါတ်ဆားရည်တိုက်သင့်ပါတယ်။ ဝမ်းပိတ်သွားဖို့အတွက် Probiotics ၊ Kaolin Mixture ပါတာတွေ သုံးလို့ရပါတယ်။ Loperamide လိုဆေးမျိုးကတော့ ဘေးကင်း၊ မကင်း မသေချာတဲ့အတွက် မသုံးသင့်ပါဘူး။

.

ကိုယ်ဝန်မဆောင်ခင်မှာရော၊ ဆောင်နေတဲ့အချိန်မှာပါ အမျိုးသမီးတိုင်းသောက်သင့်တာ ဖောလစ် အက်ဆစ် (Folic Acid) ပါ။ Folic Acid ဟာ ကလေးငယ်ရဲ့ ကျောရိုးဆစ်များ ဖွံ့ဖြိုးစေပါတယ်။ အာရုံကြော အဖွဲ့အစည်း (Nervous System) ကို အကူအညီပေးနိုင်သလို မွေးရာပါကျောရိုးကွဲခြင်း (Spina Bifida) ကိုလည်း ကာကွယ်ပေးပါတယ်။ Folic Acid ကို နေ့တိုင်းသောက်ပေးရင် နှာခေါင်းကွဲခြင်း၊ အာခေါင်ကွဲခြင်း တို့လို မွေးရာပါ ချို့ယွင်းချက်တွေ မပါလာနိုင်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်မဆောင်ခင်နှင့် ဆောင်ပြီး ၁၂ ပတ်ခန့်ကြာတဲ့အထိ တနေ့လျှင် Folic Acid (၄၀ဝ) မိုက်ခရိုဂရမ် သောက်ပေးသင့်ပါတယ်။ မိဘနှစ်ဦးအနက် တစ်ဦးဦးမှာ၊ ဒါမှမဟုတ် သားချင်းတစ်ဦးဦးမှာ မွေးရာပါကျောရိုးကွဲတာ ဖြစ်ဖူးလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး (၅) မီလီဂရမ်အထိ သောက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ “မလိုအပ်ပါဘဲ ဘာဆေးကိုမှ မသောက်ပါနဲ့”။ တိုင်းရင်းဆေး၊ အပင်အနှံကရတဲ့ ဆေးတွေကလည်း စိတ်ချလက်ချသုံးစွဲလို့မရတဲ့အတွက် ဘယ်ဆေးကိုပဲသောက်သောက် ကျွမ်းကျင်သူတို့ကို တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

နှင်းနုလွင်(ဆေးဝါး)

စရဏမဂ္ဂဇင်း (ဒီဇင်ဘာ၊ ၂၀၀၉)

42 views

Aug
18

ခန္ဓာကိုယ်ကို အလှဆင်ခြင်းနှင့် ကျန်းမာရေး ပြဿနာများ

ဆယ်စုနှစ် ၂စု၊ ၃စုအတွင်းမှာ နားအပြင် တခြားနေရာတွေမှာ အပေါက်ဖောက်တဲ့ စတိုင်ဟာ အမျိုးသမီး၊ အမျိုးသား အားလုံးကြားမှာ ရေပန်းစားနေပါတယ်။ လျှာ၊ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခုံး၊ ချက်၊ လိင်အင်္ဂါတွေမှာ အပေါက်ဖောက်ပြီး သတ္တုတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ အဆင်တန်ဆာအမျိုးမျိုးကို ဝတ်ဆင် ကြပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာရော ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာပါ ဒီခေတ်ရေစီးကြောင်းဟာ လူမှုအသိုင်းအဝိုင်းထဲကို တိုးဝင်လာပါတယ်။ သူနဲ့အတူ ကျန်းမာရေးပြဿနာတွေ တွဲဖက်ပြီးပါလာပါတယ်။ ဒါကြောင့် မိမိတို့ခန္ဓာကိုယ်ကို အလှဆင်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုတော့ သိထားသင့်ပါတယ်။

ခန္ဓာကိုယ်မှာ အပေါက်အများဆုံး ဖောက်ဖြစ်တဲ့နေရာကတော့ နားရွက်ပါပဲ။ အရင်တုန်းကတော့ နားတစ်ဘက် မှာ တစ်ပေါက်သာဖောက်လေ့ရှိပေမယ့် အခုအခါနားတစ်ဘက်တည်းမှာပဲ အပေါက်ပေါင်းများစွာဖောက်ပြီး နားကွင်း ပေါင်းများစွာ ဝတ်ဆင်ကြပါတယ်။ အပြင်နား (Pinna)မှာတောင် ဖောက်ပြီး နားကွင်းတွေကို ဝတ်ကြပါတယ်။ ဒီလိုမျိုး နားဖောက်တဲ့လူတွေထဲက ၃၅ ရာခိုင်နှုန်းဟာ နောက်ဆက်တွဲပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ နားရွက်အရိုးနုလေးမှာ သွေးကြောအရမ်း နည်းတဲ့အတွက် အဲဒီနေရာတွေမှာ အနာဖြစ်ရင် ကျက်ဖို့အရမ်း နှေးပါတယ်။ အမှန်တော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို အပေါက်ဖောက်ရင် စဖောက်တဲ့အချိန်ကတည်းက ပိုးဝင်နိုင်ပါတယ်။ မှို၊ ဘက်တီးရီး ယား တို့လို အရမ်းသေးငယ်တဲ့ Micro-organisms တွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားလာကြပြီး ကူးစက်ရောဂါတွေ ဖြစ်လာပါတယ်။

ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေက အလုပ်လုပ်ရပါတယ်။ ဒီအခါဖောက်လိုက်တဲ့နေရာမှာ နီရဲရောင်ရမ်းလာပါတယ်။ ထိမိရင်လည်း နာလာပါတယ်။ သွေးဖြူဥတွေ၊ ပိုးကောင်တွေ ပျက်စီးသွားရာကနေ ပြည်တည်လာပါတယ်။ ပိုးဝင်တာကို ဒီအတိုင်းထားလိုက်ရင် ပိုးသတ်ဆေးတွေနဲ့ ကုသရတဲ့အထိ ပြင်းထန်လာပါတယ်။ ပုံမှန်အတိုင်း နားအသီးလေးမှာ ဖောက်တာတောင်မှ (Pseudomonas, Staphylococcus, Streptococcus) တို့လို ကူးစက်ပိုးများဝင်ရောက်ခြင်း၊ ဓါတ်မတည့်မှုကြောင့် အရေပြားလက္ခဏာများပေါ်ခြင်း၊ အမာရွတ်ထင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ တပ်ဆင်ထားတဲ့ ကျောက်မျက်ရတနာ၊ သတ္တု အဆင်တန်ဆာတွေကို ချွတ်လိုက်ရင် ခန္ဓာကိုယ်ထဲ ပိုးကောင်တွေဝင်ရောက်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်တာနဲ့တူပြီး အတွင်းပိုင်းကို ပိုပြီးဝင်ရောက် သွားနိုင်ပါတယ်။ အရေးကြီးတဲ့ အင်္ဂါတွေ၊ တစ်သျှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကူးစက်ပိုးအရမ်းပြင်းထန် လာရင်တော့ အဲဒီအဆင်တန်ဆာတွေနေရာမှာ ပိတ်ကွင်းလေးနဲ့ အပေါက်ကို ပိတ်ထားသင့်ပါတယ်။

နားသီးလေးမှာ အပေါက်ဖောက်တာမဟုတ်ဘဲ အပေါ်ဘက် အရိုးနုလေးမှာဖောက်ရင် အဲဒီအစိတ်အပိုင်းကို ပထမဆုံး ပိုးဝင်သွားပါတယ်။ အရိုးနုပတ်လည်မှာဖြစ်တဲ့ နီရဲရောင်ရမ်းတာ၊ ပူတာတွေဟာ နားအသီးဖျားလေးအထိ ရောက်လာပါတယ်။ အရိုးနုလေးတွေကြားက အလွှာတွေကိုပါ ပျက်စီးသွားပါတယ်။ အတိအကျပြောရရင် နားမှာရှိတဲ့ အရိုးနုတွေ ပျက်စီးသွားရာက နားရွက်ရဲ့ပုံသဏ္ဍန်ပါ ပျက်စီးသွားတတ်ပါတယ်။ သိပ်ပြီးမကြီးကျယ်ဘူးလို့ ထင်ရတဲ့ ကူးစက်မှုလေးတွေကနေ အရိုးနုရောင်ခြင်း၊ ပြည်တည်ခြင်း၊ ပုပ်ခြင်း အထိဖြစ်နိုင်ပါတယ်။ ပြည်တည်ခဲ့ရင်တော့ ခွဲပြီးဖယ်ထုတ်ပစ်ရပါတယ်။ ပြည်တည်နာတွေ ပေါက်လာတာနဲ့ တပြိုင်နက် အရင်အတိုင်း နားရွက်လေးလှပဖို့ဟာ မသေချာတော့ပါဘူး။

ကူးစက်ပိုးဝင်ရင် ဖြစ်တတ်တဲ့လက္ခဏာတွေဟာ များသောအားဖြင့်တော့ တုတ်ကွေး(Flu) ဖြစ်ရင်ပြတဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အပူကြီးခြင်း၊ြွကက်သားများနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း တို့ပါဖြစ်နိုင်ပါတယ်။ အပေါက်ဖောက်တိုင်း ဒီလိုပြဿနာတွေဖြစ်တာတော့ မဟုတ်ပါဘူး။ ပိုးစဝင်တာကို သတိမပြုဘဲ၊ မကုသဘဲထားရင်တော့ ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ကူးစက်ပိုးနဲ့ပတ်သတ်တဲ့အကြောင်းတွေ၊ ဆက်ပြီးဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရလဒ်တွေကို ထင်ထင်ရှားရှား သိလာကြပြီ။ ဗဟုသုတအနေနဲ့ လေ့လာကြည့် သင့်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းပါတယ်။

သတ္တုအဆင်တန်ဆာတွေနဲ့ ဓါတ်မတည့်သူတွေ၊ အရေပြားယားယံတတ်သူတွေဟာ ကူးစက်ပိုးဝင်ရောက်ဖို့ အခွင့် အလမ်းတွေ ပိုများပါတယ်။ လူအများစုဟာ အပေါက်ဖောက်ပြီးသွားရင် နီကယ်ကို ဝတ်ဆင်ကြတာများပါတယ်။ ဒါပေမယ့် နီကယ်ဟာ ဓါတ်မတည့်မှုဖြစ်နိုင်ပြီး ဖြစ်တဲ့သူဦးရေဟာလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာ တဲ့အတွက် တချို့ နိုင်ငံတွေမှာဆိုရင် နီကယ်ကို ကန့်သတ်သုံးစွဲလာပါတယ်။ လူတော်တော်များများဟာ သတ္တုတွေကို ဝတ်ဆင်ကြပေမယ့် မိမိတို့မှာ ဘာနဲ့ဓါတ်မတည့်မှု ရှိသလဲဆိုတာကိုတော့ မသိကြပါဘူး။ လက်ပတ်နာရီကြိုး၊ ကြယ်သီး၊ ခါးပတ် ခေါင်းတွေနဲ့ ဓါတ်မတည့်မှုဖြစ်ဖူးတာဟာ သတ္တုတွေနဲ့ ဓါတ်မတည့်တာကြောင့်ပါ။ ဒီလိုလူတွေဟာ အထူးသတိထားရပါတယ်။

သတ္တုအဆင်တန်ဆာတွေနဲ့ ဓါတ်မတည့်တာဟာ နားမှာဝတ်ဆင်မှ ဖြစ်တာမဟုတ်ပါဘူး။ အပေါက်ဖောက်ပြီး ဝတ်လိုက်တဲ့နေရာတိုင်းမှာ ဖြစ်ပါတယ်။ နှုတ်ခမ်း၊ နှာခေါင်းတို့မှာ ဝတ်ဆင်ရင်ပိုပြီးသတိထား ရပါတယ်။ ဒီနေရာတွေဟာ ပိုးကောင်တွေ ထောင်ချီပြီးရှိနေတဲ့အတွက် အနာတွေပေါက်ရာကဆင့် အခြေအနေဆိုးတွေ ဖြစ်စေပါတယ်။ ဓါတ်မတည့်မှုဟာ ခန္ဓာကိုယ်ရဲ့ အနာကျက်စေတဲ့ ဖြစ်စဉ်ကြီးကိုအနှောင့်အယှက်ပေးနိုင်တဲ့အတွက် အပေါက်ဖောက်ရာ ကနေ ဖြစ်လာတဲ့အနာတွေဟာ ပျောက်ဖို့နှေးသွားပါတယ်။ ဖောက်လိုက်တဲ့ နေရာမှာ နီရဲနေခြင်း၊ ဖောင်းနေခြင်း၊ စိုစွတ် နေခြင်း၊ ထိမိရင် နာခြင်း၊ ယားယံခြင်းတိုဟာ အဖြစ်များပါတယ်။ ဒါ့ကြောင့် မိမိဘာနဲ့ ဓါတ်မတည့်မှုရှိသလဲဆိုတာကို သိထားသင့်ပါတယ်။ ငွေလို ပစ္စည်းမျိုးတောင်မှ သန့်စင်တယ်လို့ ပြောလို့မရပါဘူး။

အပေါက်ဖောက်လိုက်တဲ့ နေရာကအသားဟာ သူ့အနားမှာရှိနေတဲ့မူလအသားနဲ့တော့ တူမှာမဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်အနာကျက်ပုံချင်း မတူသလို ပျက်စီးသွားတဲ့ အသားပေါ်မူတည်ပြီး အမာရွတ်ရဲ့ အရွယ်အစားကလည်း ကွာခြားသွားပါတယ်။ ဖောက်လိုက်တဲ့နေရာမှာ ဖြစ်တဲ့အနာဟာ ပျောက်သွားနိုင်ပေမယ့် အဲဒီ နေရာဟာ မူလအသား အတိုင်းပြန်ဖြစ်ဖို့ကတော့ ခဲယဉ်းသွားပါတယ်။ ဒီအချက်ကို သိထားတဲ့ လူတွေကတော့ သိပ်ပြီးမဖောက်ချင် ကြတော့ပါဘူး။ အနာကျက်သွားတဲ့ အမာရွတ်တွေဟာ လွန်လွန်ကဲကဲဆက်ကြီးလာပြီး အမာရွတ်သီး(Keloid) တွေဖြစ်လာတတ်ပါတယ်။

အသားညိုတဲ့သူတွေမှာ ပိုပြီးအဖြစ်များတယ်ဆိုပေမယ့် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အမာရွတ်သီး (Keloid)ဟာ အမြဲတမ်းမဟုတ်ရင်တောင် တခါတလေကျရင်တော့ အရမ်းယားယံပြီး နာကျင်တတ်ပါတယ်။ သူ့မှာ သတ္တုတွေ လာဝတ်ရင်တော့ အနည်းငယ်ရောင်နိုင်ပါတယ်။ Keloid ဖြစ်နေတဲ့နေရာကို သွေးကောင်းကောင်းမလျှောက်တဲ့အတွက် အနာဖြစ်ရင်လည်း ပျောက်ကင်းဖို့ အချိန်တော်တော်ကြပါတယ်။ ပါးစပ်ပတ်ဝန်းကျင်မှာ ဖြစ်တဲ့အမာရွတ်ကတော့ O ပုံရှိပြီး (၁-၂) လ လောက်ကြာရင်တော့ ပြန်ကောင်းသွားတတ်ပါတယ်။ တကယ်လို့ပြန်မကောင်းရင်တော့ ဆရာဝန် နဲ့ပြသင့်ပါတယ်။ အပေါက်ဟောင်းကဖြစ်စေ၊ အသစ်ထပ်ဖောက်တဲ့ နေရာကဖြစ်စေ အမာရွတ်သီး ဖြစ်နိုင်ပါတယ်။ ပြေပြစ်နေတဲ့ အသားနေရာမှာ ထပ်ဖြစ်လာတဲ့ ဒါဏ်ရာကြောင့် အရေပြားလှပမှုကို ဆုံရှုံးနိုင်ပါတယ်။

နောက်ထပ်စဉ်းစားရမယ့်အချက်ကတော့ အနာစိမ်းနာနဲ့ ပြည်တည်နာ ဝင်ရောက်လာတဲ့ ပြဿနာပါ။ အနာစိမ်းနာဟာသိပ်ပြီး ဆိုးဆိုးရွားရွားကြီး မဖြစ်ပါဘူး။ ပြည်တည်နာကတော့ တစ်သျှူးများအတွင်းမှာ ဖြစ်ကာ အရေပြားကို ကွဲထွက်စေပြီး တခြားနေရာတွေကိုပါ ပျံနှံသွားပါတယ်။ အရေပြားအပေါ်ယံမှာရှိတဲ့ ဘက်တီးရီးယားများဟာ အထဲကိုရောက်သွားပြီး အပေါ်ကနေ ပိတ်ထားသလိုဖြစ်သွားပါတယ်။ အနာစိမ်းနာ၊ ပြည်တည်နာနှင့် တစ်သျှူးများ ပျက်စီးမှု အကြောင်းကို စောစောစီးစီး ခြေရာခံမိနိုင်မှသာ သူတို့ကို ထိထိရောက်ရောက် ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါက်ဖောက်တဲ့နေရာနားမှာ ပုံမှန်ထက် ပူခြင်း၊ နာခြင်း၊ ရောင်ပြီး နီရဲနေခြင်းတို့ကို တွေ့ရင် သတိထားရပါတယ်။ ပြည်တည်နာ ဖြစ်ပြီးပိုဆိုးလာရင် ပျို့အန်ခြင်း၊ ဖျားခြင်းတို့ပါဖြစ်လာနိုင်ပါတယ်။

အရည်ကြည်ဖုကတော့ ဘယ်နေရာမှာ မဆိုဖြစ်နိုင်ပေမယ့် ပါးစပ်မှာတော့ သိပ်မဖြစ်နိုင်ပါဘူး။ နှာခေါင်း၊ နို့သီခေါင်းတွေမှာဖြစ်နိုင်ပါတယ်။ ပြည်တည်နာဟာ သူ့ဘာသာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ဆရာဝန်ဆီကို သွားတာက ပိုစိတ်ချရပါတယ်။ Fluoroquinolone အုပ်စုဝင် Ciprofloxacin လို ပိုးသတ်ဆေးတွေ ပေးနိုင်သလို တခါတရံ သန့်ရှင်းတဲ့အပ်ကိုသုံးပြီး အနာကိုဖောက်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုဖောက်ထုတ်လိုက်တဲ့နေရာဟာ သန့်ရှင်းပြီး ခြောက်သွေ့နေဖို့တော့ လိုအပ်ပါတယ်။ တချို့ကလည်း မိမိဘာသာ သန့်စင်ဆေးရည်တွေ၊ ပိုးသတ်ဆေး တွေကို အလွန်အမင်းသုံးပါတယ်။ အဲဒီလိုဆေးတွေထဲက တချို့တွေဟာ အနာကျက်တဲ့ ဖြစ်စဉ်ကို အနှောင့်အယှက် ပေးနိုင်ပြီး Hydrogen Peroxide လိုဆေးမျိုးကတော့ အနာကျက်နေတဲ့ တစ်သျှူးတွေကိုတောင် ပျက်စီးစေတဲ့အတွက် လုံးဝမသုံး သင့်ပါဘူး။

တချို့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေဟာ ရင်သားမှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေ ဝတ်ဆင်တဲ့အတွက် နို့ရည်ဂလင်းအထိ ကူးစက်ပိုးတွေ ဝင်ရောက်သွားပြီး နို့အုံရောင်ရမ်းခြင်း (Mastitis) ကိုဖြစ်စေပါတယ်။ ရင်သားဟာ နီရဲနေပြီး နာကျင်ခြင်း၊ ပူခြင်း၊ ရောင်ရမ်းခြင်းတို့အပြင် ပြည်ပါ ထွက်လာတတ်ပါတယ်။ နှာခေါင်း မှာဖောက်တာကတော့ နှာခေါင်းပေါက်ဝ ဒါမှမဟုတ် အရိုးနုလေးမှာ ဖောက်တာများပါတယ်။ နှာခေါင်းရဲ့အရိုးနုတ လျှောက် ဖောက်တာကတော့ သွေးထွက်စေပြီး ပိုးဝင်နိုင်ပါတယ်။ သွေးတွေခဲသွားရင်လည်း အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိလာပါတယ်။ နှာခေါင်းမှာရှိတဲ့ အရိုးနုလေးတွေပျက်စီးကာ နှာခေါင်းအတွင်းနံရံတွေပါ ပုပ်သွားရာကတဆင့် နှာခေါင်းရဲ့ပုံသဏ္ဍန်ပါ ပျက်စီးသွားတတ်ပါတယ်။ ချက်ပက်လက်မှာဖောက်တာကျတော့ အဝတ်အစားနဲ့ ပွတ်မိခြင်း၊ အရေပြားက ပျော့တွဲနေခြင်းကြောင့် အနာကျက်ချိန်ပိုကြာပါတယ်။ မိမိဘာသာမိမိဖောက်တဲ့အတွက် ပိုးဝင်ဖို့လည်းပိုလွယ်ပါတယ်။ ချက်ပတ်လည်မှာ ဝတ်တဲ့ အဆင်တန်ဆာတွေကတော့ ရွေ့လျားလွယ်ပါတယ်။ ဒီလိုရွေ့သွားတဲ့အတွက် အမာရွတ်တွေတွဲလာတာကို ဝတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေမှာ အတွေ့ရများပါတယ်။ ပါးစပ်၊ ပါး၊ သွားတွေမှာ ဝတ်ဆင်တဲ့အဆင်တန်ဆာ တွေကြောင့် သွားဖုံးမှာ အနာဖြစ်ခြင်း၊ သွားတွေပဲ့ထွက်ခြင်း၊ တံတွေးအထွက်များခြင်း၊ တံတွေးဂလင်းမှာပိုးဝင်ခြင်း၊ စကားသံ မပီခြင်းတို့လည်း ဖြစ်လာနိုင်ပါတယ်။

အပေါက်ဖောက်တဲ့နေရာမှာ ရလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အပေါက်ဖောက်တဲ့ နည်းလမ်းနဲ့လည်းဆိုင်ပါတယ်။ သန့်ရှင်းပြီးချွန်ထက်တဲ့ အပ်ကိုမသုံးဘူးဆိုရင် အနာဖြစ်နိုင်ပြီး ကူးစက်ပိုးတွေ အလွယ်တကူဝင်နိုင်ပါတယ်။ ချက်၊ သားမြတ်နဲ့ လိင်အင်္ဂါတွေမှာ အပေါက်ဖောက်ရင် အနာကျက်ဖို့ အချိန်တော် တော်ကြာကြာ ယူရပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့သူ၊ စတီးရွိုက်တွေနဲ့ ကုသမှုခံယူနေသူတိုလို့ ကူးစက်ရောဂါ အလွယ်တကူ ဝင်နိုင်တဲ့သူ တွေ၊ သွေးထွက်လွယ်သူ၊ သွေးမတိတ်တတ်သူတွေအတွက် အပေါက်ဖောက်ရာကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြဿနာ ကြီးကြီးမားမားတွေဖြစ်လာပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေဟာ အပေါက်ဖောက်ပြီးသွားရင် နှလုံးကို ကူးစက်ရောဂါဝင်ရောက်မယ့် အန္တရာယ်ပိုများသွားပါတယ်။

ခြုံငုံပြီးပြောရရင်တော့ အပေါက်ဖောက်တဲ့နေရာကနေ တကိုယ်လုံးကို ပိုးဝင်ခြင်း၊ ဝတ်လိုက်တဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်ကလက်မခံဘဲ တိုက်ထုတ်ခြင်း၊ ရောင်ရမ်းခြင်း၊ သွားကျိုးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။ လှချင်လို့အပေါက် ဖောက်မယ်ဆိုတိုင်း အရေပြားပျက်စီးမှုကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မိမိရဲ့ ကျန်းမာရေး အခြေအနေကို ထည့်တွက်သင့်ပါတယ်။ အလှအပဟာ အရေးပါပေမယ့် “အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုတဲ့ စကားကိုတော့ မေ့မထားသင့်ပါဘူး။ ။

နှင်းနုလွင် (ဆေးဝါး)

စရဏမဂ္ဂဇင်း (ဖေဖော်ဝါရီ၊ ၂၀၁၀)


42 views

Aug
18

လျစ်လျူမရှုသင့်သော ခြေထောက်

ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အစိတ်အပိုင်းတိုင်းကို အားလုံးက ဂရုစိုက်ကြပါသည်။ “မျက်နှာမှာ အဖုပေါက်နေသည်၊ လည်ချောင်း နာနေသည်၊ ဝမ်းဗိုက် အောင့်နေသည်” စသည်ဖြင့် သတိတရနဲ့ထုတ်ဖော် ပြောပြတတ်ပါသည်။ သို့သော် အားလုံးထဲတွင် လျစ်လျူရှုခံနေရသော အင်္ဂါတစ်ခုရှိသည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၏ အလေးချိန်ကို တနေ့လျှင် အနည်းဆုံး (၄) နာရီခန့် သယ်ထားပေးနေရသော်လည်း “ခြေထောက်”ကို အားလုံးက မေ့မြဲမေ့နေကြသည်။ သူကနာကျင်နေကြောင်း အရိပ်အြွမက်လောက် ပြလာရင်လည်း “အရေးမကြီးပါဘူးလေ၊ ပြီးရင်ပျောက်သွားမှာပါ” ဆိုပြီး မသိကျိုးကျွန်ပြုမိတတ်ပါသည်။

ခြေထောက်နှင့်ပတ်သတ်သော ပြဿနာပေါင်း (၃၀ဝ)ကျော်ရှိသည်။ ခြေထောက်အတွင်းရှိ အကျိအိတ်ရောင်ရမ်းခြင်း၊ ခြေဖနောင့်နာခြင်းမှ အစပြု၍ အဆစ်အမြစ်များရောင်ကိုက်လာခြင်း၊ ခြေမဆန့်ထုတ် ၍မရဘဲ လမ်းလျှောက်ရခက်ခဲခြင်းတို့အထိ ပါဝင်နိုင်ပါသည်။ အသက်ကြီးလာချိန်တွင် ခြေဖဝါးပြင်ရှိ အသားများပါးလာသည့်အပြင် ခန္ဓာကိုယ်၏အလေးချိန်ကြောင့် ခြေထောက်တွင် ဒါဏ်ဖြစ်လာတတ်သည်။ ထိုအခါ ကြာရှည်စွာလျစ်လျူရှုခံခဲ့ရသော ခြေထောက်သည် ကိုယ်လက်လှုပ်ရှားမှုတိုင်းကို ဟန့်တားလာသည်။ ထိရောက်သော ကုသမှုတို့ကို စောစီးစွာခံယူနိုင်စေရန် သတိပြုရမည့် လက္ခဏာများ၊ ကာကွယ်ရန်အချက်များကို သိနိုင်ရန် အလွန်အရေးကြီးပါသည်။

(၁) နာကျင်မှုတိုင်းကို သတိထားရပါသည်။


အကယ်၍ မိမိတွင် ခါးနာခြင်း၊ ညှို့သကျည်း၊ ဒူးခေါင်း၊ တင်ပါးတို့တွင် ပြဿနာတစ်စုံတစ်ရာ ရှိလာပြီဆိုလျှင် မိမိ၏ခြေဖဝါးကိုပါ သတိထားရတော့မည်။ ဤကဲ့သို့အပယိက နာကျင်မှုများသည် တစ်ခုနှင့်တစ်ခု လုံးဝဆက်စပ်နေသည်ဟု မဆိုနိုင်သော်လည်း ခြေဖဝါးနှင့်ပတ်သက်သော ပြဿနာတစ်ပိုင်း တစ်စဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ လမ်းလျှောက်ချိန်တွင် ခန္ဓာကိုယ်အလေးချိန်ထက် (၅)ဆခန့်များသော ဖိအားသည် ခြေဖဝါးတွင် လာပြီးသက်ရောက်ပါသည်။ ခြေဖဝါးကသာ ဤအခြေအနေကို ကောင်းစွာမထိန်းထားနိုင်လျှင် အပေါ်တွင်ပါရှိသော လက္ခဏာများကို ခံစားရတတ်ပါသည်။

ခြေဖဝါးပြားသောသူ (Flat foot) တို့သည် ခြေထောက်နှင့်ပတ်သက်သော ပြဿနာများကို ပို၍ခံစား ရတတ်သည်။ ထိုသူတို့၏ ခြေဖဝါးအခွက်သည် မြေကြီးနှင့်ပို၍ နီးသောကြောင့် လမ်းလျှောက်သောအခါ၊ ပြေးသောအခါတို့တွင် ခြေကုပ်ယူရန် အလွန်အားစိုက်ရသည်။ ထို့ကြောင့် လှုပ်ရှားမှုများ များလာလေ၊ ခြေထောက်တွင်လာ၍ သက်ရောက်သော အားများလာလေဖြစ်ပြီး ခြေဖနောင့်အပါအဝင် ခြေထောက်တစ်ခုလုံး ဒါဏ်ကို စတင်ခံစားရတတ်ပါသည်။ ခြေထောက်တွင် လှုပ်ရှားမှုများလာသောအခါ ခြေထောက်အတွင်းပိုင်းရှိြွကက်သားများ ပို၍ခက်ခဲစွာ အလုပ်လုပ်ရသောကြောင့် ညှို့သကျည်းများနာလာတတ်ပါသည်။

ခြေသလုံြးွကက်သားမှ အခြေခံ၍ ဖနောင့်အထိ ဆက်တွဲထားသော အရွတ်ရောင်ခြင်း (Achilles Tendinitis)ကို ခြေဖဝါးပြားသောသူတို့တွင် တွေ့ရသည်။ ခြေလှမ်းတိုင်း၏ အလှမ်း၊ အဆုတ်တိုင်းကို ထေမိစေရန် ထိန်းထားရသောအရွတ်ဖြစ်သောကြောင့် ခြေဖဝါးတွင် ပြဿနာများရှိလာသောအခါ ထိုအရွတ်ပါ ရောင်ရမ်းပြီး နာကျင်လာသည်။ ခြေဖဝါးပြားခြင်းကြောင့် ဒုးခေါင်း  လှုပ်ရှားရခက်ခဲလာခြင်း မဟုတ်သော်လည်း ဒူးခေါင်းမကောင်းသောသူတော်တော်များများ၏ ခြေဖဝါးသည် ပြားနေသည်ကိုတွေ့ရတတ်ပါသည်။ နောက်ထပ် အဖြစ်များသော ပြဿနာတစ်ရပ်မှာ ခြေဖဝါးခွက်ဝင်နေလွန်းခြင်း ဖြစ်သည်။ ခြေထောက်လှုပ်ရှားသောအချိန်တွင် ခွက်နေသောနေရာအစား ဘေးပတ်ဝန်းကျင်ရှိြွကက်သားများက ပို၍အလုပ်လုပ်ရသည်။ ဖော်ပြပါရှိသော အကြောင်းနှစ်ချက်စလုံးသည် တင်ပါးနှင့် ခါးတို့တွင် နာကျင်မှု ပြဿနာများကို ခံစားရစေပါသည်။

(၂) အရိုးဖုမထွက်ပါစေနှင့်။


အရိုးဖုထွက်ခြင်း (Bone Spur) ဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ အရိုး၌ အဖုထွက်လာခြင်းကို သတ်မှတ်သော အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ အရိုးကျိုးပြီးချိန်တွင် ခန္ဓာကိုယ်မှ အလိုအလျောက် ပြန်ဆက်ရန်ကြိုးစားချိန်တွင် အရိုးဖုထွက်ခြင်းကိုတွေ့ရတတ်ပါသည်။ ဤကဲ့သို့ ကြီးထွားလာမှုများသည် သေးငယ်ပြီး စမ်းသပ်ရန်ခက်ခဲသည်။ အရိုးဖုထွက်လွယ်သောနေရာတို့တွင် လည်ပင်း၊ ပုခုံး၊ လက်ဆစ်၊ ခါးရိုး၊ တင်ပါး၊ ဒူးခေါင်းနှင့် ဖနောင့်တို့ ပါဝင်သည်။ လက်ဆစ် ခဏခဏချိုးခြင်းသည် အရိုးဖုထွက်စေသည်။ ခြေဖနောင့်တွင်ဖြစ်သော အရိုးအဖုသည် အနီးရှိြွကက်သားနှင့် အာရုံကြောများတွင်လာ၍ သက်ရောက် သောကြောင့် လမ်းလျှောက်သောအခါတွင် နာကျင်မှုများ ခံစားရစေပါသည်။

ဤပြဿနာများကို အသက်ကြီးသောသူတို့တွင် အတွေ့ရများသည်ဟုဆိုကြသော်လည်း ငယ်ရွယ်သော အားကစားသမားများ၊ ကသောသူများတွင်လည်း ဖြစ်နိုင်ပါသည်။ ထိုသူတို့သည်ြွကက်သားများ၊ အရွတ်များ၊ တွယ်ဆက်တစ်သျှူးများတွင် ပို၍အားထည့်ရသောကြောင့် အရိုးများ ဖုထွက်နိုင်ပြီး နာကျင်မှုကို ခံစားရတတ်ပါသည်။ အချို့သူများတွင် နာကျင်မှုသည်ကြာရှည်တတ်ပြီး ကိုယ်လက်လှုပ်ရှားမှုများကိုပါ ဟန့်တားနိုင်ပါသည်။ ထို့ကြောင့် မိမိတွင် ပုံမှန်မဟုတ်ဘဲ အရိုးများကြီးထွားနေသည်ဟုထင်သောအခါ၊ နာကျင်မှုများပါ တွဲဖက်ပါလာသောအခါ၊ အဆစ်များတွင် နာကျင်ပြီး အားနည်းနေသောအခါတို့တွင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ရောဂါခံစားနေရသော အခြေအနေကို မူတည်ပြီး ဆရာဝန်က လမ်းညွှန်မှုများပြုလုပ်ပေးပါလိမ့်မည်။ အနားယူရန်၊ အကိုက်အခဲပျောက် အရောင်ကျဆေးများသောက်ရန်၊ ကာယကုထုံးများခံယူရန် အစရှိသည်ဖြင့် လိုအပ်သည်များကို ညွှန်ကြားပေးနိုင်ပါသည်။ ခွဲစိတ်ရန်မလိုသည့် အထက်ပါ ကုသပုံများသည် ထိရောက်မှုရှိသော်လည်း လမ်းလျှောက်ရခက်ခဲခြင်းအထိ ဖြစ်လာပါက ခွဲစိတ်ပေးပါလိမ့်မည်။

(၃) အရည်ကြည်ဖု မပေါက်အောင်ကာကွယ်ပါ။


ခြေထောက်ကို များများအသုံးပြုရသောသူတို့တွင် အရည်ကြည်ဖုများသည် ပေါက်လာနိုင်ပါသည်။ ခြေထောက်ကို အန္တရာယ်ဖြစ် စေသောအရာများတွင် ရှူးဖိနပ်သည် ထိပ်ဆုံးမှ ပါဝင်သည်။ ဖိနပ်သည် ကျဉ်းလွန်းနေလျှင် ခြေချောင်းလေးများ၏ဘေးဘက်တွင် အရည်ကြည်ဖုများပေါက်နိုင်သည်။ ဖိနပ်၏ထုသည် တိမ်လွန်းနေလျှင် ခြေချောင်းလေးများ၏ ထိပ်ဘက်တွင် နာကျင်နိုင်ပါသည်။ ရှူးဖိနပ်သည် ချောင်နေလျှင် အရှည်ဆုံးခြေချောင်းလေး၏ထိပ်တွင် အရည်ကြည်ဖုပေါက်လာနိုင်ပါသည်။ ထို့အပြင် ဖနောင့်တွင်လည်း နာကျင်လာနိုင်ပါသည်။ အသက်ကြီးလာသောအချိန်တွင် ခြေထောက်များကလည်း လိုက်ပြီးကြီးလာပါသည်။ သို့သော် ဖိနပ် အကြီးကို ပြောင်းပြီးမဝယ်ချင်ကြချေ။ ရှူးဖိနပ်နှင့် မိမိ၏အရှည်ဆုံးခြေချောင်းသည် အနည်းဆုံးလက်တစ်လုံး ခန့် အကွာဝေးရှိရပါမည်။

ခြေထောက်တွင် ပြဿနာများကိုဖြစ်စေသောအရာများတွင် ဖိနပ်အတွင်း ပွတ်တိုက်မှုများလည်း ပါဝင်ပါသည်။ အထူးသဖြင့် ချွေးထွက်သောအချိန်တို့တွင် ပိုပြီး ဆိုးဆိုးရွားရွား ခံစားရတတ်ပါသည်။ ခြေဖဝါးတွင်ရှိသော ချွေးထုတ်ဂလင်း (Sweat Gland) အရေအတွက်သည် လက်ဖဝါးတွင်ရှိသော အရေအတွက် နှင့်ညီမျှသည်။ ထို့ကြောင့် မိမိနှင့်သင့်လျော်သော ဖိနပ်များကို ဝတ်ဆင်ခြင်း၊ ပွန်းပဲ့မှုမရှိသော ခြေအိတ်များ၊ ချွေးစုပ်ယူနိုင်သော ခြေအိတ်များကို ရွေးချယ်ခြင်းဖြင့် မိမိ၏ခြေဖဝါးများကို ကာကွယ်သင့်ပါသည်။

ချွေးထွက်အရမ်းများသူတို့သည် ခြေဖဝါးတစ်ဖက်စီတွင်ချွေးနံ့ပျောက်ဆေးများ ဖျန်းပေးနိုင်ပါသည်။ နောက်ထပ်နည်းလမ်းတစ်ခုမှာ ရေနွေးစိမ်ခြင်းဖြစ်သည်။ ရေနွေး (၂)ဂါလံတွင် ရှာလကာရည် (၁)ပုလင်းခန့် ထည့်ပြီး ၁၅ မိနစ်ခန့်စိမ်ထား ပေးပါ။ ဤနည်းလမ်းအတိုင်း (၄-၅)ရက်ခန့် ဆက်တိုက်လုပ်ပေးပြီး (၁)ပတ်ခန့် နားထားနိုင်ပါသည်။ ဆီးချိုရောဂါအပါအဝင် အခြားသောရောဂါများကြောင့် သွေးလည့်ပတ်မှုမကောင်းသော သုများတွင် ဤနည်းလမ်းကို အသုံးမပြုသင့်ပေ။ မိမိ၏ခြေထောက်များတွင် အရည်ကြည်ဖုများရှိ၊ မရှိကို အမြဲသတိထားနေရပါသည်။ အရည်ကြည်ဖုများရှိနေလျှင် သန့်ရှင်းသောအပ်ကိုသုံးပြီး ဖောက်ထုတ် နိုင်ပါသော်လည်း အရေပြားကို ဆွဲမလှန်မိစေရန် သတိထားရပါသည်။ ဖြစ်သောနေရာပတ်ဝန်းကျင်ကို Hydrogen Peroxide သို့မဟုတ် Povidone Iodine ပါဝင်သော လိမ်းဆေးများကိုသော်လည်းကောင်း၊ OTC အနေဖြင့် သုံးနိုင်သော ပိုးသတ်ဆေးပါသည့် လိမ်းဆေးများကိုလည်းကောင်း လိမ်းပေးပြီး အပေါ်မှ ဖုံးအုပ်ထားရပါမည်။ (၄-၅) ရက်ခန့် ကြာသည့်အထိ အနာမကျက်ခြင်း၊ ပိုးဝင်ခြင်း၊ နီရဲရောင်ရမ်းခြင်း တို့ဖြစ်လာပါက ဆရာဝန်နှင့် ပြသရပါမည်။

(၃) အရွတ်အမြှေးပါးရောင်ရမ်းခြင်းကိုလည်း ဂရုစိုက်ပါ။


ခြေဖဝါးနှင့် ပတ်သက်ပြီး လူငယ်များ အထူးသဖြင့် ပြေးသူများနှင့် ကသူများတွင် အတွေ့ရများသော ပြဿနာမှာ အရွတ်အမြှေးပါးရောင်ရမ်းခြင်း (Fasciitis) ဖြစ်သည်။ အရွတ်မြှေးသည် ခြေချောင်းလေးများ၏ အခြေမှ ဖနောင့်အထိ ခြေဖဝါးတစ်လျှောက်တည်ရှိပါသည်။ ဤနေရာများတွင် ဖိစီးမှုများလာသောအခါ အရွတ်မြှေးသည် ရောင်ရမ်းလာပါပြီး တစ်သျှူးများကို စတင်၍ပျက်စီးလာစေပါသည်။ အချိန်ကြာလာသည်နှင့် အမျှ ဒါဏ်ရာရသော တစ်သျှူးအရေအတွက် ပိုများလာပြီးမာတောင့်လာကာ သွက်လက်စွာ သွားလာလှုပ်ရှားရန် ခက်ခဲလာပါသည်။ အရွတ်မြှေးရောင်ရမ်းရသည့် အကြောင်းအရင်းများတွင် အရိုးဖုထွက်ခြင်းလည်း ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထွက်နေသော အရိုးသည် သူ့အနီးပတ်ဝန်းကျင်ရှိ အရွတ်မြှေးကိုလည်း ရောင်ရမ်းလာစေပါသည်။

အရွတ်မြှေးရောင်ရမ်းခြင်းကို မိမိအိမ်မှာပင် ကုသနိုင်သော နည်းလမ်းများစွာရှိပါသည်။ ပထမရက်များတွင် မိနစ်(၂၀)ခန့် ရေခဲအိတ်ကပ်ပေးနိုင်ပါသည်။ (၂-၃)ရက် အတွင်း အကြိမ်များစွာ ကပ်ပေးနိုင်ပါသည်။ နောက်ရက်များတွင် နာကျင်မှုနှင့် ရောင်ရမ်းမှုများ ဆက်ဖြစ်နေလျှင် ရေခပ်နွေးနွေးတွင် စိမ်ပေးရန်လိုအပ်ပါသည်။ အားကစားသမားဆိုလျှင် မိမိလုပ်နေကျသတ်မှတ်ချက်၏ ထက်ဝက်ခန့်သာ လှုပ်ရှားသင့်ပါသည်။ မညီညာသော လမ်း၊ မာသောနေရာတို့တွင် လေ့ကျင်ခန်းလုပ်ခြင်းကို ရှောင်သင့်ပါသည်။ ခြေထောက်ကို လေ့ကျင့်ခန်းလုပ်ပေးသောအနေဖြင့် ခုံတစ်ခုအပေါ်တွင် ခြေထောက်ချ၍ ထိုင်ပြီး အရှေ့တွင် ပုဝါတစ်စကို ချထားပါ။ ထိုပုဝါစကို ခြေထောက်ဖြင့် ဆတ်ခနဲ၊ ဆတ်ခနဲ ဆွဲယူကြည့်ပါ။ အထက်ပါနည်းအတိုင်း တစ်နေ့လျှင် (၅-၁၀)ကြိမ်ခန့် လုပ်ပေးသင့်ပါသည်။

သို့ဆိုလျှင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ခြေထောက်ကိုလည်း ဂရုစိုက်ရန်လိုအပ်ပါသည်။ သူ့တွင်တစ်စုံတစ်ရာခံစားနေရကြောင်း သတိပေးသော လက္ခဏာများကို အမြဲသတိထားနေရမည်။ အကယ်၍ ဆီးချိုသမားတစ်ယောက်ဆိုလျှင် သူများထက်ပိုပြီး သတိထားရန်လိုအပ်ပါသည်။ မိမိနှင့်သင့်တော်သော ဖိနပ်ကိုရွေးချယ်ခြင်းသည် ခြေထောက် ဒါဏ်ရာရခြင်းကိုကာကွယ်ရာတွင် အလွန်အရေးပါပါသည်။ အားကစားလှုပ်ရှားသူ လူငယ်များအနေဖြင့် ထိုအချက်ကို အမြဲစဉ်းစားထားရန်လိုအပ်ပါသည်။ အသက်ကြီးသူများတွင်လည်း ရုတ်တရက်လဲကျသည့်ဒါဏ်ကို ကာကွယ်နိုင်သော အခံပြားရှိသည့် ဖိနပ်များကို ရွေးချယ်ရန်လိုအပ်ပါသည်။ နံနက်ခင်းနိုးလာချိန်တွင် အိပ်ရာကမထသေးခင် မိမိတနေ့တာလုံးသုံးစွဲမည့် ခြေထောက်အခြေအနေကို အမြဲဆန်းစစ်ကြည့်သင့်ပါသည်။ အားလုံးက ခြေထောက်ကို ပုံမှန်ဂရုစိုက်ပေးလျှင် သူတို့ကလည်း အားလုံးကို ထာဝရအဖော်ပြုပေးပါလိမ့်မည်။               ။

နှင်းနုလွင်(ဆေးဝါး)

စရဏမဂ္ဂဇင်း (ဇန်န၀ါရီ၊ ၂၀၁၀)

38 views

« 1 ... 62 63 64 65 66 67 68 69 70 71 72 73 »

Older posts «

» Newer posts

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder